CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ရန် တင်သွင်းခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအမည်အချို့ ထွက်ပေါ်လာရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပါဝင်လာကြောင်း သိရသည်။
နော်ဝေးနိုင်ငံ လစ်ဘရယ်ပါတီက ပါလီမန်အမတ် Ola Elvestuen က NUG ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အဆိုပြု စာရင်း တွင် အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် စာရင်းပေးခြင်းသည် နိုင်ငံတကာ အရေးနှင့် သက်ဆိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောသည်။
ဦးရဲထွန်းက “ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးတယ်ဆိုတာက အရင်းရှင်နိုင်ငံက လူတွေက ကိုင်ထားတာပဲလေ၊ အဲဒီတော့ ပေါ်လစီတို့ ဘာတို့ဆိုတာက သူတို့ ပါးစပ်ဖျားထဲမှာ သူတို့ထဲမှာပဲ ရှိတာပဲ။ အဲဒီတော့ တကယ့် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လူကို ပေးမှာလား။ ဒါမှမဟုတ်ရင်လည်း ဘာခေါ်လည်း စစ်အာဏာရှင်၊ စစ်အုပ်စုတို့ စစ်အာဏာရှင်တိုက်ဖျက်တဲ့ အစိုးရ ဒါမှမဟုတ် စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့အဖွဲ့ အဲဒီလိုဟာမျိုးတွေကို ပေးမှာလား ဆိုတာကို သူတို့ စဉ်းစားမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံရယူပြီး မိန့်ခွန်းပြောနေစဉ်(Agence France-PresseDaniel Sannum Lauten)
ဒါက အဲဒီအဖွဲ့က ပေးတယ်လို့တော့ မပြောသေးဘူး အခုဟာက Nominate လုပ်ဖို့ တင်တဲ့အဖွဲ့က တင်တာပေါ့ဗျာ။ တစ်လျှောက် လုံးကတော့ အရှေ့အုပ်စုကတော့ အရှေ့အုပ်စုဆိုတာ ဆိုရှယ်လစ် နိုင်ငံတွေ ဘာတွေကတော့ အဲဒီနိုဘယ်လ်ဆုဆိုတာ အရင်း ရှင် အုပ်စုတွေရဲ့၊ ဘာခေါ်လဲ မြှောက်ထိုးပင့်ကော် လုပ်ပေးတာပေါ့။ သူတို့ အဲဒီဆုတွေ ဘာတွေပေးပြီးတော့ မြှောက်ပေးတာ ပေါ့ဗျာ။ အရှေ့အုပ်စုကတော့ အဲဒီလို ယူဆတာပေါ့”ဟု ပြောသည်။
၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အဆိုပြုစာရင်းတွင် NUG အပါအဝင်၊ ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင်၊ သဘာဝ ပတ်ဝင်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဆိုသည်မှာ အကြမ်းမဖက်လမ်းစဉ်ဖြင့် ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး ဖော်ဆောင်သူများကို အမည်စာရင်းတင်သွင်း၍ ရွေးချယ်ရာ ယခု လက်နက်ကိုင်လမ်းစဉ်ဖြင့် ဒီမိုကရေစီအရေး တောင်းဆိုနေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု စာရင်းတင်သွင်းမှုအပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
လက်ရှိ NUG အစိုးရအဖွဲ့တွင် ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်လမ်းစဉ်ဖြင့် ဒီမိုကရေစီအရေး တောင်းဆိုခဲ့ခြင်းကြောင့် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့သည်။