CNI International News

ဘာမာကို၊ ဖေဖော်ဝါရီ ၁

အာဖရိကအိမ်နီးချင်းများ၊ ဥရောပမိတ်ဖက်နိုင်ငံများနှင့် မာလီစစ်အစိုးရတို့အကြား တင်းမာမှုများ တိုးလာနေချိန်၌ ၎င်းအစိုးရ ၏တရားဝင်မှု (legistimacy)ကို ပြင်သစ်အနေဖြင့် ပျက်ပြားစေကြောင်း စွပ်စွဲလျက် မာလီနိုင်ငံမှ ပြင်သစ်သံအမတ် ထွက်ခွာ ရန် မာလီစစ်အစိုးရက ဇန်နဝါရီ ၃၁ ရက်တွင် နှင်ထုတ်သည့်အမိန့် ထုတ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ပြင်သစ်သံအမတ်ကြီး ဂျိုးမေယာ (Joel Meyer) ကို မာလီစစ်အစိုးရက ဇန်နဝါရီ ၃၁ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး နိုင်ငံအတွင်းမှ ထွက်ခွာရန် ၇၂ နာရီ အချိန်ပေးခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်ကို နိုင်ငံပိုင်ရုပ်သံလိုင်းမှ ကြေညာခဲ့သည်။

“ယခုဆောင်ရွက်မှုသည် ဥရောပမှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ မကြာသေးမီက ရန်လိုဒေါသထွက်သော မှတ်ချက်များနှင့် မာလီအာဏာပိုင်များအပေါ် ပြင်သစ်အာဏာပိုင်များ၏ ထပ်တလဲလဲမှတ်ချက်ချမှုကြောင့် ဖြစ်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။


ပြင်သစ်ဘက်မှ မည်သို့သော မှတ်ချက်ချခဲ့ကြောင်းကိုမူ အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်းမရှိပေ။

“မာလီစစ်အစိုးရသည် တရားမဝင် (illegitimate) ဖြစ်ပြီး တာဝန်မဲ့ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း” ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်ယဘတ်လီဒရိန်း (Jean-Yves Le Drian) က ယခင်သီတင်းပတ်တွင် မှတ်ချက်မှုတော့ ရှိခဲ့သည်။

                              နိုင်ငံအတွင်းက ထွက်သွားရန်နှင်ထုတ်ခံရသည့်ပြင်သစ်သံအမတ်

အဆိုပါ လုပ်ရပ်ကြောင့် မာလီနိုင်ငံအတွင်း ပြင်သစ်ဦးဆောင်သော အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးအပေါ် မေးခွန်းထုတ် စရာဖြစ်လာခဲ့ကြောင်း အေပီက ဆက်လက်ရေးသားသည်။

တစ်ချိန်တည်းမှာပင် ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် မာလီနိုင်ငံတွင် ရုရှားစစ်သားများ ရောက်ရှိနေခြင်းကလည်း ဥရောပ နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်နေသည်။

မာလီနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကို နှင်ထုတ်ရန် မာလီစစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြင်သစ်အစိုးရက သိရှိခဲ့ပြီး ဆာဟဲ ဒေသ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်၏ ကတိကဝတ်ကို ထပ်လောင်း အသိပေးလိုပါကြောင်း ပြင်သစ် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။


ပြင်သစ်ဦးဆောင်သော တာကူဘာ စစ်ဆင်ရေးအတွက် တပ်စွဲထားသည့် ဒိန်းမတ်တပ်ဖွဲ့ဝင်များ မာလီမှထွက်ခွာရန် အမိန့် ပေးပြီးနောက် ရက်ပိုင်းအကြာ၌ မာလီနှင့် ၎င်း၏နိုင်ငံခြားမိတ်ဖက်များအကြား သံတမန်ရေး အကျပ်အတည်း ဆက်လက် ဖြစ်ပေါ်လာခဲ့သည်။

ယခုလ အစောပိုင်းမှာ ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် ECOWAS က မာလီနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ မာလီခေါင်းဆောင်များကလည်း ECOWAS ကိုယ်စားလှယ်ကို ၎င်းနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။

မာလီနိုင်ငံ၏ ယာယီခေါင်းဆောင် ဗိုလ်မှူးကြီး အက်စမီဂိုတာသည် ရွေးကောက်ပွဲများကို ၂၀၂၆ ခုနှစ်အထိ ဆိုင်းငံ့ထားခြင်း ကြောင့် မာလီနှင့် ဥရောပနှင့်ဒေသတွင်း မဟာမိတ်များအကြား တင်းမာမှု တိုးလာခဲ့ပြီး နိုင်ငံတကာ သဘောတူညီချက်များကို လိုက်နာရေးအတွက် မာလီစစ်အစိုးရက တွန့်ဆုတ်နေခဲ့သည်။

Source: AP