CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
မိမိတို့ (နစက)ဆောင်ရွက်မည့် ဖက်ဒရယ်ပြည်ထောင်စုသည် မတူကွဲပြားသည့် ပြည်နယ်၊ တိုင်းဒေသကြီးတို့အကြား အခြေခံ ဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် နစကမှ နိုင်ငံတော်တာဝန်ယူခြင်း တစ်နှစ်ပြည့် မိန့်ခွန်းပြောစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုးများ၊ လူမျိုးစုများ၊ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနဲ့ ထိုသို့ ဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား အာဏာခွဲဝေ ဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်”ဟု ပြောသည်။
မိမိတို့(နစက)အနေနှင့် နိုင်ငံရေး ဦးတည်ချက်များနှင့်ပတ်သက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ပထမဆုံးအချက်အဖြစ် ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းရင်းသားလူငယ်တို့ကိုတွေ့ရစဉ်
ထို့ပြင် မတူကွဲပြားသည့် လူမျိုးစုအလိုက်၊ ဒေသအလိုက် ကိုယ်စားပြုမည့်ပါတီများ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရေး အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မည်သည့်ရွေးကောက်ပွဲစနစ်ကို အသုံးပြုသည်ဖြစ်စေ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြင့် အုပ်ချုပ်နေသူအပေါ် လူထုနှင့် နိုင်ငံ ရေးပါတီက ယုံကြည်မှုရှိမှသာ ရွေးကောက်ပွဲ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နစကနှင့် NUCC တို့အနေနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု ပြောနေကြောင်း၊ ရှေ့ဆက်သွားမည့် ဖက်ဒရယ်ပုံစံကို အတိအကျ ချပြရန် လိုအပ် ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါရေးရာဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောသည်။
ဦးဦးလှစောက “ NUCC မှာလည်း Charter တွေနဲ့ ထွက်တယ် လုပ်တယ်ဆိုပေမယ့် လူထုအနေနဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ယုံကြည်လက်ခံ လောက်တဲ့ တကယ့် Concrete ပရိုဂရမ်တွေက ကျနော်တော့ မဖတ်မိသေးဘူး။ ဖက်ဒရယ်ဆိုတာတော့ဗျာ ကျနော်တို့ ဟိုးတုန်းက ပြောသလို သူ့ခေါင်းမှာလည်း သပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို။ သူလည်းဖက်ဒရယ်၊ ကိုယ် လည်း ဖက်ဒရယ်၊ ဖက်ဒရယ်တွေက ဖောင်းပွနေတယ်။ အဲဒီတော့ ဖက်ဒရယ် Form တစ်ခု အတိအကျချပြမှပေါ့၊ NUCC မှာ လည်း၊ အဲဒီလိုပဲ ဒီဘက်က စစ်ကောင်စီမှာလည်း၊ ဒါက ဖက်ဒရယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကျ မပြဘူးဆိုရင် နှစ်ဖွဲ့ လုံးက ဟာတွေက ဘယ်လိုခေါ်မလဲ Concrete မဖြစ်ဘူးပေါ့ဗျာ။ အဲဒီကြားထဲမှာ တိုင်းပြည်ကလည်း မတည်မငြိမ် ဖြစ်နေ တယ်ဆိုတော့၊ ကျနော်တို့ ရခိုင်ပြည်နယ်အနေနဲ့တော့ သိပ်ပြောစရာမရှိဘူး။ ဒီမှာက သီးခြား အနေအထား ဖြစ်နေတဲ့ အတွက်”ဟု CNI သို့ ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ လည်း ကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍ လည်းကောင်း မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဒီမိုကရေစီနှင့်ပတ်သက်၍ အများဆန္ဒအတိုင်း ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။