CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြားကာလ ပြည်သူ့တရားစီရင်ရေးမဏ္ဍိုင် ထူထောင်နိုင်ရန် ဆောင်ရွက်နေ ပြီဖြစ်ကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်သည့် နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် ပြည်သူလူထုထံ ပြောကြားသည့် မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နိုင်ပြီးဖြစ်တဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး အာဏာတည်ဆောက်မှုကိုလည်း ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်း စဥ်နဲ့တွဲပြီး ကြားကာလ ပြည်သူ့တရားစီရင်ရေးမဏ္ဍိုင် ထူထောင်ဖို့လည်း တစ်ပြိုင်တည်း စီမံဆောင်ရွက်နေပြီဆိုတာ အသိ ပေးလိုပါတယ်”ဟု ပြောသည်။
တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရန် စစ်ရေးအရ မြို့တစ်မြို့၊ ဒေသတစ်ခုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တည်ထောင်ရန်အတွက် အပြစ်ပေးအရေးယူရန် အချုပ်စခန်း၊ အကျဉ်းထောင်များ တည်ဆောက်ရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “စိုးရိမ်စရာကောင်းတာက အဲဒီလို စစ်ရေးအရ လုံခြုံမှု မရှိသေးတဲ့ နေရာမျိုးမှာ တရားစီရင်ရေးတို့၊ ဘာတို့ ထူထောင်လိုက်တဲ့အခါမှာ အပြစ်ပေးခံရမယ့်သူတွေကို ထိန်းသိမ်းဖို့ လုံလုံခြုံခြုံထိန်းသိမ်းဖို့ ထွက်မပြေးဖို့ အချုပ်ထောင်တို့ ဘာတို့ အဲတာမျိုးတွေ မရှိသေးတဲ့အခါမှာ များသောအားဖြင့် ဖြစ်တတ်တာက သေဒဏ်စီရင်တာမျိုး အဲတာမျိုးတွေ များတတ် တယ်။ ဆိုတော့ ဒါတွေက လုပ်ရင်းနဲ့တော့ အတွေ့အကြုံတွေတော့ ရလာနိုင်တာပေါ့လေ” ဟု ပြောသည်။
NUG ၏ယာယီသမ္မတ ဒူဝါလရှီးလက စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ တာဝန်ရှိသည့် သူများကို နိုင်ငံတကာ တရားစီရင်ရေး စနစ်၊ ပြည်တွင်း တရားစီရင်ရေး စနစ်အရပါ အရေးယူ အပြစ်ပေးခံရမည်ဟု သတိပေး ပြောကြားခဲ့သည်။
ဒူဝါလရှီးလကိုတွေ့ရစဉ်
အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားများ လုပ်ဆောင်လာပါက ပြည်သူလူထုများအနေဖြင့် အခွန်ပေးဆောင်မှု၊ တပ်သားသစ် ပေးဆောင်မှု၊ ရိက္ခာပေးဆောင်မှု စသဖြင့် လုပ်ဆောင်ရကြောင်း ဦးရဲထွန်းက ပြောသည်။
၎င်းက “AA ဆိုလို့ရှိရင်လည်း အခုရခိုင်မှာ သူတို့က ယေဘုယျအားဖြင့် ပြည်သူလူထုထဲမှာ ဝင်ရောက်ပြီးတော့ စည်းရုံးနိုင်ပြီ ဆိုပြီးတော့ သူတို့ အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်ဖို့ဆိုပြီး သူတို့လုပ်နေတယ်လေ။ အဲတော့ ပြည်သူလူထုကလည်း အဲလို အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်လိုက်တော့ ပထမဦးဆုံးတော့ ဘာအကျိုးသက်ရောက်လဲဆိုတော့ အခွန်ငွေ ပေး ရတာပေါ့။ အခွန်ငွေ ပေးရတယ်၊ နောက် တပ်သားစုဆောင်းလို့ရှိရင် တပ်သားပေးရတယ်။ ရိက္ခာပေးရတယ် စသဖြင့်ပေါ့၊ အဲ တာတွေ သူတို့ လုပ်လာမှာပေါ့။ ဒါမှ သူတို့အဖွဲ့အစည်းကလည်း ရှေ့ဆက်ပြီးတော့ ရပ်တည်နိုင်မှာ ဖြစ်တာကိုး” ဟု ပြော သည်။
တခြားတစ်ဖက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးစနစ် များကို တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း KNU တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက CNI သတင်းဌာနသို့ ဇန်နဝါရ ၃၁ ရက်က ပြောကြားခဲ့သည်။
လက်ရှိတွင် NUG ၏ လက်အောက်မှာ ဖွဲ့စည်းထားသော PDF ၊ မဟာမိတ်များဖြစ်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF)တို့ နှင့် တပ်မတော်ကြား ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ဘက်မှာ တိုက်ပွဲများဖြစ်ပွားနေသည်။