CNI International News
အိုဂါဒူးကူး၊ ဖေဖော်ဝါရီ ၁
ဘာကီနာဖာဆိုနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ရက်သတ္တတစ်ပတ်အကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ ပြန်လည်အသက်ဝင်စေလျက် အသွင်ကူးပြောင်းရေး ကာလတစ်ခုအတွက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင်ကို သမ္မတ အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် ဘာကီနာဖာဆိုနှင့် အနောက်အာဖရိကနိုင်ငံများကြား သံတမန်ဆက်ဆံရေးကို အာဖရိက သမဂ္ဂ(AU)က ဆိုင်းငံ့ထားလိုက်သည်။ထို့နောက် ကုလသမဂ္ဂ(UN)က အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားရန် တောင်းဆိုမှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဇန်နဝါရီ ၂ ရက်က ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ကြေညာချက်တွင် စစ်တပ်အစိုးရက ဇန်နဝါရီ ၂၄ ရက်က အာဏာသိမ်း ပြီးနောက် ဆိုင်းငံ့ထားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခု ပြန်လည် အတည်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ဘာကီနာဖာဆို ပြည်သူများကိုတွေ့ရစဉ်(AP)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်အရ တရားစီရင်ရေးမဏ္ဍိုင်၏ လွတ်လပ်မှုနှင့် အပြစ်ကင်းစင်သည်ဟု ယူဆ ချက်အပြင် လွတ်လပ်စွာ သွားလာခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့် စသည့် အခြေခံလွတ်လပ်ခွင့်ကို အာမခံချက် ပေးထား ကြောင်း အထက်ပါ ကြေညာချက်အရ သိရသည်။
အခြေခံဥပဒေအရ စစ်တပ်အစိုးရသည် ၎င်းအစိုးရအဖွဲ့၏ အမည်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ မျိုးချစ်လှုပ်ရှားမှုအဖွဲ့ (MPSR)ဟု တရားဝင် အမည်ပေးထားသည်။ ထို့နောက် အသွင်ကူးပြောင်းရေး အဖွဲ့အစည်းများ ထူထောင်မှုကို ဆိုင်းငံ့ထားပြီး နိုင်ငံ၏ တည်တံ့ခိုင်မြဲမှုကို အာမခံကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အသွင်ကူးပြောင်းကာလ၏ အချိန်အတိုင်းအတာကို အတိအကျဖော်ပြခြင်းမရှိပေ။
အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဆန်ဒါအို ဂိုဒမီဘာကို MRSR အစိုးရအဖွဲ့၏ဥက္ကဋ္ဌ (သမ္မတ ရာထူး) အဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွင် “သမ္မတ (နိုင်ငံတော်အကြီးအကဲ)နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်တန်း ခေါင်းဆောင်” ဟူ၍ အကျုံးဝင်ကြောင်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
MRSR တွင် ဒုတိယဥက္ကဋ္ဌ နှစ်ဦးရှိကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသော်လည်း အမည်စာရင်းကိုမူ ဖော်ပြ ထားခြင်း မရှိပေ။
ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော သီးခြားအမိန့်စာတွင် လက်နက်ကိုင် တပ်ဖွဲ့အကြီးအကဲ ဂျီးဘတ်အောက်ဒရာဂိုသည် အလုပ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ရေးသားထားသည်။
Source: Aljazeera