CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ခေါ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စား လှယ်တချို့က မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကျင်းပသည်ကို မသိရကြောင်း ပြောသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ခေါ်ယူသည်ကို မသိရှိရသေးကြောင်း၊ ပါတီကိုလည်း ဆက်သွယ်ပြောဆိုခြင်း မရှိကြောင်း၊ မိမိအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အရွေးခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၌ အနိုင်ရခဲ့သူ ဦးထွန်းအောင်ကျော် က ပြောသည်။

ဦးထွန်းအောင်ကျော်က “ဆရာပြောမှ ကျနော်လည်း သိရတယ်၊ ကျနော်လည်း ၂၀၂၀ မှာ အရွေးခံထားရတဲ့ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်ပဲလေ၊ အခုက သူတို့က ဘယ်လိုလွှတ်တော်လဲတော့ ကျနော်တို့ မသိဘူး။ အရင်တုန်းကတော့ လွှတ် တော် အစည်းအဝေးက အထမြောက်တယ်ဆိုတာ ရှိတယ်။ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မှပဲ ကျနော်တို့က အထ မြောက်တာလေ။

အဲဒါကို လွှတ်တော်ဥက္ကဋ္ဌမရှိရင်၊ သဘာပတိမရှိရင် စပြီးတော့ လွှတ်တော်ခေါ်တဲ့အခါ လွှတ်တော်ဥက္ကဋ္ဌ မရှိသေးဘူး။ သဘာပတိ တင်မြှောက်ပြီးတော့ လွှတ်တော်အစည်းအဝေး ကျင်းပရတယ်။ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေ တင်မြှောက်တယ် အဲဒီတော့မှ လွှတ်တော်ဥက္ကဋ္ဌကနေ တာဝန်ခံပြီးတော့ အစည်းအဝေး ခေါ်ရတယ်။

အဲဒီတော့ တက်ရောက် တဲ့သူတွေ စာရင်းကို ကျနော်တို့ တင်ရတယ်။ တကယ်လို့ မတက်နိုင်ရင် ခွင့်ပန်ရတယ်။ အဲဒီတော့ ခွင့်ပန်တဲ့သူနဲ့ တက် ရောက်တဲ့သူနဲ့မှာ အရည်အတွက် ပြည့်မှီမှသာ လွှတ်တော်အစည်းအဝေး အထမြောက်တယ်ဆိုပြီးတော့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာတယ်ခင်ဗျ။ ကျနော်တို့ တက်ခဲ့တုန်းကတော့ ဒီလိုပါပဲ၊ အခုတော့ ဘယ်လိုခေါ်မလဲတော့ မသိသေးဘူး”ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ဇွန်လ ၃၀ ရက်က CRPH မှကျင်းပသည့် တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်(CRPH)

ဖေဖော်ဝါရီ ၅ ရက်က အွန်လိုင်းမှ ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် အသေးစိတ် အချက်အလက်များနှင့် တက်‌ရောက်လာသည့် ကိုယ်စားလှယ် အရေအတွက်များ တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အဆက်အသွယ်ရရှိပြီး လုံခြုံသည့် လွှတ်တော်ကိုယ်စား လှယ် အနည်းဆုံး ၅၀ ရာခိုင်နှုန်း တက်ရောက်ကြမည်ဖြစ်ကြောင်း၊ လက်ရှိ NUG တွင် ပါဝင်နေသည့် ကိုယ်စားလှယ် ၈ ဦး အပါအဝင် အစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တချို့ထံမှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူ ရခိုင်အမျိုးသားပါတီ မှ ဦးထွန်းအောင်ကျော်ကတော့ လက်ရှိ ခေါ်ယူခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်ရန် လုပ်ထုံး လုပ်နည်း အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။

NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလက လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံး နိုင်ငံရေး အဆောက်အဦ (institution) တစ်ခုဖြစ်၍ လွှတ်တော်ကို ဆက်လက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်၏ တရားဝင်မှုကို ငြင်းပယ် နိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုကို ခိုင်မာစေရန် ပြည်ထောင်စုလွှတ်တော် ရှိရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်း ပြောစဉ် ထည့်သွင်းပြောသွားခဲ့သည်။