CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၅

နှစ်စဉ်ပြုလုပ်နေကျ Cobra Gold (ရွှေမြွေဟောက်) အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၀ မှ မတ်လ ၇ အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်သွားရန် သတ်မှတ်ထားပြီး Covid-19 ကူးစက်မှုအန္တရာယ် တင်းကြပ်စွာ ထိန်းချုပ် ဖို့ ယခင်က တပ်ဖွဲ့ဝင်ဦးရေ ၉,၀၀၀ ရှိခဲ့ရာမှ ယခု ၃,၄၆၀ အထိ လျှော့ချမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် ဝက်ဘ် ဆိုက်က သတင်းဖော်ပြသည်။

အရှေ့တောင်အာရှ၏အကြီးမားဆုံး နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်သည့် Cobra Gold အစီအစဉ်တွင် နိုင်ငံပေါင်း ၂၀ ခန့်ပါဝင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံကတော့ လေ့လာသူအဖြစ် ယခုနှစ်ပါဝင်ခြင်းမရှိကြောင်း ဘန်ကောက် ပို့စ်က ဆက်လက်ရေးသားဖော်ပြသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အားအနေဖြင့် ထိုင်း ၁,၉၅၃ ဦး၊ အမေရိကန် ၁,၂၉၆ ဦး၊ စင်ကာပူ ၅၀၊ ကိုရီးယား ၄၁ ဦး၊ မလေးရှား ၃၆ ဦး၊ ဂျပန် ၃၅ ဦး၊ ဩစတြေးလျ ၁၈ ဦး၊ အင်ဒိုနီးရှား ၁၆ ဦး၊ တရုတ် ၁၀ ဦးနှင့် အိန္ဒိယ ၁၀ ဦးပါဝင်ကြမည်စု ပူးတွဲစစ်ဆင်ရေးဒါရိုက်တာ ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ချစ်ချာနော့နွတ်ဂျာယာက ပြောသည်။

Covid-19 ကြောင့် မြန်မာနိုင်ငံမှ စစ်ရေးလေ့လာသူများကို ကမ်းလှမ်းခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကြည်းကြောင်း (ကုန်း) နှင့် ရေကြောင်း နှစ်သွယ် ဆင်းသက်စစ်ဆင်ခြင်း၊ အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပေးခြင်း (သို့မဟုတ်) အပစ်အခတ်ရပ်စဲရေး သင်ခန်းစာများကို ယခုနှစ်တွင် ထည့်သွင်းမည်မဟုတ်ဘဲ ပါဝင်လေ့ကျင့်ကြမည့် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်သာ ကန့်သတ်ထားကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ပါဝင်လေ့ကျင့်ကြမည့် တပ်ဖွဲ့ဝင်အားလုံးကို ကာကွယ်ဆေးအပြည့်ထိုးနှံထားရမည်ဖြစ်ပြီး ထိုင်း လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းစဉ်အတိုင်း လိုက်နာရန် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံသို့ ၎င်းတို့ဆိုက်ရောက်ချိန်နှင့် ပြန်လည် မထွက်ခွာမီတို့တွင် သီးခြားနေထိုင်ခြင်း (Quarantine) ရှိမည်ဖြစ်ပြီး RT-PCR စမ်းသပ်ခြင်းနှစ်ခုနှင့် အလျင်အမြန်စစ်ဆေးနိုင်သော antigen test (ATK) စမ်းသပ်ခြင်းတို့ကိုလည်း ၅ ရက် ၁ ကြိမ် ခံယူရမည် ဖြစ်သည်။

၎င်းတို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက ၎င်းတို့အသီးသီး၏ ရောဂါကူးစက်မှုရှိ/မရှိ ရလဒ်များကို အတိအကျဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာအစီအမံများ၏ ထိရောက်မှုကို အကဲဖြတ်သွားမည်ဟု သိရသည်။

ယခုလေ့ကျင့်မှုများတွင် LPD-USS Green Bay ကြည်းနှင့်ရေ နှစ်မျိုးသုံးချေမှုန်းရေးသင်္ဘော၊ C130 လေယာဉ်နှင့် Black Hawk ရဟတ်ယာဉ် ၁၂ စင်းတို့ဖြင့် လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အမေရိကန် ပူးတွဲစစ်ရေး အကြံပေးအဖွဲ့၊ လေ့ကျင့်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဘီလ်ရက်ဘ် (Bill Grube) က ပြောသည်။

ထို့ပြင် နိုင်ငံပေါင်းစုံတပ်ဖွဲ့များ ဌာနချုပ်တည်ထောင်ရန် အမိန့်ပေးသည့် အကြိုလေကျင့်ခန်း၊ ကလေးများ ပညာရေးအတွက် ကျောင်းဆောက်လုပ်ခြင်းအပါအဝင် လူသားချင်းစာနာမှု အရပ်ဘက်ဆိုင်ရာ အကူအညီများ လေ့ကျင့်ခန်း၊ သဘာဝဘေးကယ်ဆယ်ရေးလေ့ကျင့်ခန်း၊ ကွင်းဆင်းလေ့ကျင့်ခန်များလည်း ပါဝင်မည်ဖြစ်ကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ချစ်ချာနော့နွတ်ဂျာယာက ဆက်လက်ပြောကြားခဲ့သည်။

၎င်းစစ်ရေးလေ့ကျင့်မှုကို ပရာချက်ကီရီချန်၊ လော့ဘူရီ၊ ရနောင်း၊ ချောင်ဘူရီနှင့် ထိုင်းပင်လယ်ကွေ့အထက်ပိုင်း တို့တွင် နေရာအသီးသီးပိုင်းခြား၍ လေကျင့်သွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

မြန်မာနိုင်ငံရှိ နစက အစိုးရအား တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို လျှို့ဝှက်စွာ လက်နက်ထောက်ပံ့ ပေးရန် အမေရိကန်တွင် အစီအစဉ်ရှိ/မရှိ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ခံ မိုက်ကယ် ဟက်သ် (Michael Health) က “ယင်းသို့ အစီအစဉ်မျိုး မရှိကြောင်း” ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ထိုင်းနှင့်အမေရိကန်တို့သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကာကွယ်ဆေး များ ပူးပေါင်းပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ယခုလာမည့်စစ်ရေးလေကျင့်မှုကို ထိုင်း-မြန်မာနယ်စပ်အနီး ပြုလုပ်မည်မဟုတ်ကြောင်းလည်း ပူးတွဲစစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာတာပိုဘိုင်ဂမ်က ပြောကြားခဲ့သည်။

Source: Bangkok Post