CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) တို့အနေဖြင့် ပြည်သူ့စစ် လုံခြုံရေးစခန်းအား တိုက်ခိုက်လာပါက ကာကွယ်ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခေါင်လန်းဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာခဲ့သည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်စခန်းအား KIA၊ PDF တို့မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စခန်းအား သိမ်းယူခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် လုံခြုံရေးစခန်းများအား ဆက်လက်ဝင်ရောက် တိုက်ခိုက်ရန် ကြိုးပမ်းနေ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ခေါင်လန်ဖူးပြည်သူ့စစ်သည် တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်ဖြစ်ကြောင်း၊ KIA၊ PDF က သိမ်းပိုက်ခဲ့သည့် ဆွမ်ပီယာန် စခန်းမှာလည်း တပ်မတော်အထိုင်ချထားသည့် စခန်းဖြစ်ကြောင်း KIA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “အဲတာကတော့ ရှင်းရှင်းလင်းလင်းပါပဲ၊ ခေါင်လန်ဖူးပြည်သူ့စစ်ဟာလည်း တပ်မတော် လက်အောက် ခံက ပြည်သူ့စစ်ပါပဲ၊ တကယ့် ကိုယ့်ရဲ့ တိုင်းပြည်ကို၊ ကိုယ့်ရဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ ပြည်သူလူထု ပြည်သူ့စစ်မှ မဟုတ် တာကို ပြည်သူ့စစ်ဆိုတာ အကုန်လုံး တပ်မတော်လက်အောက်ခံမှာပဲ ရှိပါတယ်။

နောက်တစ်ခုရှိတာက ဆွမ်ပီယာန်တပ် စခန်းကတော့ တကယ့် တပ်မတော်တွေထိုင်တဲ့ စခန်းတွေပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် အခု ပြည်သူ့စစ်ဆိုတာလည်း ခုနာပြော သလိုပေါ့၊ ဘာပဲဖြစ်ဖြစ် တပ်မတော်ရဲ့ လက်အောက်ခံပါပဲ၊ ကျောထောက်နောက်ခံပါပဲ၊ အရံတပ်တွေပါပဲ၊ ကျနော်က အဲလိုပဲ နားလည်ထားပါတယ်” ဟု ပြောသည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကိုတွေ့ရစဉ်

ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကတော့ ဆွမ်ပီယာန်စခန်းသည် တပ်မတော်စခန်းမဟုတ်ဘဲ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့၏ စခန်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က “အမှန်မှာ ဆွမ်ပီယာန်စခန်းတွင် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကသာ သီးသန့် တာဝန်ယူ လာခဲ့သည်မှာ (၄) ခန့်ရှိပြီ ဖြစ်ပါသည်။ တပ်မတော်က တာဝန်ယူထားသော စခန်းမဟုတ်ကြောင်း ဒေသကနေ ပြည်သူများ KIA အပါအဝင် PDF အဖွဲ့များအားလုံးက သိရှိပြီး ဖြစ်သည်။ ဆွမ်ပီယာန်စခန်းအား ယခုကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အား တမင်ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်သာ ဖြစ်သည်” ဟု ပြောသည်။

တပ်မတော်နှင့် ပြည်သူ့စစ်သည် အတူတူရှိနေသည်ဟု သိရှိထားကြောင်း၊ နောက်ဆက်တွဲ ပြဿနာများ ကြီးလာနိုင်ကြောင်း ကချင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ဗမာစစ်တပ်နဲ့ ပြည်သူ့စစ်တွေ အတူနေတယ်လို့ပဲ ကျနော်က ဒီလိုပဲ သိနေပါတယ်၊ ကျနော်ဒီလိုပဲ မှတ်ယူတာပေါ့၊ ဒါပေမယ့် အခုလို ပြည်သူ့စစ်တွေပဲ ရှိနေတယ်ဆိုတဲ့ဟာတော့ ကျနော်လည်း မပြောတတ်ဘူး၊ နောက်ဆက် တွဲတွေကတော့ ပြဿနာက ကြီးလာမှာပေါ့ဗျာ၊ ဒါတွေကတော့ လက်ရှိ အခြေအနေကလည်း KIA နဲ့ PDF တွေကလည်း ပူးပေါင်းပြီးမှ လုပ်တယ်ဆိုတော့လည်း အင်အားကြီးဖို့ပဲ ရှိလာတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်၊ ဆိုတော့ ပြည်သူ့စစ်အနေနဲ့ ဘယ်လောက်ထိ အင်အားရှိပြီးမှ ပြောတာလဲတော့ ကျနော်လည်း မခန့်မှန်းတတ်ဘူးပေါ့ဗျာ” ဟု ပြောသည်။

ခေါင်လန်ဖူးဒေသကိုတွေ့ရစဉ်

လက်ရှိ KIA နှင့် ပူးတွဲတိုက်ခိုက်နေသည့် PDF တွင်လည်း ရဝမ်မျိုးနွယ်စုများပါဝင်ကြောင်း၊ လက်ရှိ အနေအထားအရ ထိပ် တိုက် တွေ့မည့် အခြေအနေ မြင်နေရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပါစေလေ၊ ဒါကတော့ သူတို့က တပ်မတော် တိုက်ခိုင်းရင်တော့ တိုက်မှာပဲ၊ ကျနော်တို့ ကချင် လူမျိုးစုနွယ် အချင်းချင်း တိုက်မယ်ဆိုလို့ရှိရင်လည်း တိုက်ပေါ့၊ အကျိုးရှိမယ်ဆိုလို့ရှိရင် တိုက်ပေါ့၊ ဒါပါပဲ။ သူတို့က မတိုက် ဘူးဆိုရင်လည်း တပ်မတော်က တိုက်ခိုင်းမှာပဲ သူတို့ကတော့”ဟု ပြောသည်။

အချင်းချင်းအကြားတွင် ထိပ်တိုက်မဖြစ်ပွားရန် ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အကောင်းဆုံးဟု မြင်မိကြောင်း ဦးကွမ်ဂေါင် အောင်ခမ်းက ပြောသည်။
၎င်းက “အဓိကက‌တော့ ဒီဌာနေပြည်သူ့စစ်က ဘယ်အတွက် လုပ်သလဲဆိုတာ မူတည်ပါလိမ့်မယ်၊ ဒီဟာတွေ ထိန်းညှိဖို့ ဆို တာကတော့ အချင်းချင်း နားလည်မှုရှိမှ ဖြစ်မှာပေါ့၊ ဒါမှ မဟုတ်ဘူးဆိုရင် စကားလုံးအရတော့ ထိပ်တိုက်ဖြစ်လာမယ့် သဘောဖြစ်ပါတယ်၊ ဒါကြောင့်လည်း အချင်းချင်း ညှိနှိုင်းဆောင်ရွက်တာ အကောင်းဆုံးပဲလို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။