CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ စစ်ရေး၊ နိုင်ငံ‌ရေးအရ ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စများလိုအပ်မှုရှိပါက မိမိတို့အသင့်ရှိကြောင်း AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြော သည်။

ယနေ့ (ဖေဖော်ဝါရီ ၅ ရက်)တွင် ကျရောက်သည့် (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ်အဖွဲ့က “မိမိတို့ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ အချင်းချင်းအကြား၌ ယခင်ကာလများ၌ နိုင်ငံရေး ပြဿနာ များကို အတူတကွ ဖြေရှင်းခဲ့ကြသည့်နည်းတူ အခြေအနေ၏ လိုအပ်ချက်အရ စစ်ရေးကဏ္ဍများကိုပါ ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည့် သာဓကများ ရှိခဲ့ပါသည်။ ထို့အတူ ယခုလည်း မိမိတို့ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ စစ်ရေး၊ နိုင်ငံ‌ရေးအရ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများရှိပါက မိမိတို့ ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် အသင့်ရှိပါသည်” ဟု ပြော သည်။

KIA ပါ၀င်သည့်မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ကိုတွေ့ရစဉ်

ထို့အတူ KIA အနေဖြင့် AA၊ TNLA တို့အား KIA ၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ အသစ်တဖန် သန္ဓေတည်မွေးဖွားခွင့် ပေးခဲ့ သည့်အပြင် နိုင်ငံ‌ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက် အဖွဲ့အစည်းများအဖြစ် ရပ်တည်ပေးထားသောကြောင့် တအာင်းနှင့် ရက္ခိုင်လူမျိုးများက ကချင်ပြည်သူလူထုနှင့် KIA ကို များစွာ ကျေးဇူးတင်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထား သည်။

ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတ‌သော အမျိုးသား ပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။