CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၄

ယူကရိန်းကို အသွင်ယူ တိုက်ခိုက်မည့်ဟန်ဖြင့် စစ်ရေးအရ အရေးယူဖို့ အကြောင်းပြချက်တစ်ခုအား ရုရှားအစိုးရ ကြံစည် ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးက သိရှိခဲ့သည်ဟု ဖေဖော်ဝါရီ ၃ ရက်၌ ဘိုင်ဒန်အစိုးရ၏ အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့် ညှိနှိုင်းဆွေးပြီးနောက် တူရကီသမ္မတ ရီဆက်အာဒိုဂန်က ကိယက်ဗ်နှင့် မော်စကိုတို့အကြား စေ့စပ်ဆွေးနွေးပွဲများကို ၎င်းအနေဖြင့် လက်ခံကျင်းပပေးမည်ဟု ပြောကြားခဲ့ပြီး ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးနိုင်ရေး ကမ်းလှမ်းခဲ့သည်။

အလားတူ ပြင်သစ်သမ္မတ မက်ရွန်ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘီလာရုစ်နိုင်ငံနှင့်ပါ ထိစပ်နေသည့် ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ချထားခြင်းအပေါ် စိုးရိမ်မိကြောင်း မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ်စတိုလန်ဘတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှား၏ အသွင်ယူ စစ်ရေးအစီအစဉ်တွင် ဖောက်ခွဲမှုများကို ပြသထားမည့် ဂရပ်ဖစ် ဝါဒဖြန့်ချိရေး ဗီဒီယိုဖိုင်တစ်ခု ဖန်တီး ထုတ်လုပ်မည်ဖြစ်သလို ဝမ်းနည်းပူဆွေးမှုများကို သရုပ်ဖော်ထားသည့် ရုပ်အလောင်းများနှင့် သရုပ်ဆောင်များကို ထည့်သုံး မည်ဖြစ်ကြောင်း၊ ထိုသတင်းအပေါ် မိမိတို့ သဘောထားမှတ်ချက်ပေးရန် ခွင့်မပြုထားကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ တူရကီသမ္မတ အာဒိုဂန်ကိုတွေ့ရစဉ်(AP)

မကြာသေးမီရက်ပိုင်းက ယူကရိန်းနှင့် ဥရောပမဟာမိတ်များထံ ဖြန့်ဝေခဲ့သော အမေရိကန် ထောက်လှမ်းရေးသတင်းသည် ရုရှားက ယူကရိန်းကို စစ်တိုက်ရန် အတုအယောင် အကြောင်းပြချက်ဖြင့် ကြံစည်နေကြောင်း အမေရိကန်နှင့် ဗြိတိန်တို့၏ နောက်ဆုံး စွပ်စွဲချက်လည်း ဖြစ်လာခဲ့သည်။
ထိုအတောအတွင်း တူရကီက စစ်ပွဲသို့ ဦးတည်သည့် တင်းမာမှုများ လျှော့ချနိုင်ရန် မော်စကိုနှင့် ကိယက်ဗ်တို့ကြား ဆွေးနွေး အဖြေရှာရေးကို ကမ်းလှမ်းလာခဲ့သည်။

“တူရကီအနေနဲ့ ပင်လယ်နက်ဒေသက အိမ်နီးချင်းလည်းဖြစ်၊ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေလည်း ဖြစ်တဲ့အတွက် ဒီအကျပ် အတည်းကို အဆုံးသတ်ပေးဖို့ ကျနော်တို့ ကြားဝင်ပေးရမယ့် အခန်းကဏ္ဍကို ပြင်ဆင်ထားပါတယ်” ဟု ဇာလန်းစကီးနှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။

၎င်းက “မီးလောင်တာကို ကြည့်နေမယ့်အစား တင်းမာမှုတွေ လျှော့ဖို့ ကျိုးကြောင်းဆီလျော်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် နေပါတယ်။ ခေါင်းဆောင်ကိုယ်တိုင် အဆင့် (သို့မဟုတ်) နည်းပညာသုံး အွန်လိုင်း ဆွေးနွေးမှုတွေ ကနေတဆင့် အစည်း အဝေး တစ်ရပ် လက်ခံကျင်းပပေးပါ့မယ်လို့ ကျနော် ကမ်းလှမ်းနေတုန်းပါ”ဟု ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းပိုင်နက် နယ်မြေနှင့် အချုပ်အခြာ အာဏာတို့အတွက် တူရကီ၏ ကတိကဝတ်ကိုလည်း အာဒိုဂန်က ထပ်လောင်းအတည်ပြုခဲ့သည်။

Source: AP