CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်တို့ ဖေဖော်ဝါရီလ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေး ကြမည်ဟု သိရသည်။
ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ၍ အပြီးတွင် တွေ့ဆုံဆွေးနွေးရန် အကြမ်းဖျင်းအားဖြင့် လျာထားကြောင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “ပြည်ထောင်စုနေ့အလွန် တတိယအပတ်လောက်မှာ ကျနော်တို့ အကြမ်းဖျင်း ညှိထားကြတာ ရှိ တယ်၊ အဲတာတွေက ကျနော်တို့ လောလောဆယ် ဘာမှ ပြောလို့မရသေးဘူး။ ဇယား (၂) ဆိုတာ ရှိတယ်။ ဇယား (၂) မှာပါတဲ့ ကိစ္စလေးတွေကို ကျနော်တို့ ဆွေးနွေးဖြစ်မယ်ထင်တယ်။ အဲတာ ပါတီအစုအဖွဲ့ကလေ” ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတ၊ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး စသဖြင့် ကဏ္ဍကြီး (၅)ရပ်ကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာအေးမောင်က “ဇယား (၂) ဆိုတာက နိုင်ငံရေးပါတီတွေ UPDJC မှာ ဆွေးနွေးကြတဲ့ အကြောင်းအရာ (၅) ခုဆိုတာ ရှိတယ်၊ သယံဇာတတို့ ကိစ္စရယ်၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေ စသဖြင့်လေ ကဏ္ဍကြီး (၅) ရပ်ရှိတယ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသဖြင့် အဲကဏ္ဍကြီး (၅) ရပ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်လေးတွေ ကျနော်တို့ ပါတီချင်း ဆွေးနွေးဖို့ရှိမယ်၊ တတိယအပတ် မတိုင်ခင်လေးမှာ ပြည်ထောင်စုနေ့ ပြီးတာနဲ့ ကျနော်တို့ အဲတာလေး ကို ဆွေးနွေးဖြစ်မှာပါ”ဟု ပြောသည်။
NSPNC နဲ့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့တွေ့ဆုံစဉ်
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီ ၉ ပါတီ တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစက-က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုနှစ် နှစ်သစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံသစ်ဖြင့် စတင်မည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကောင်းရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။
လက်ရှိတွင် နိုင်ငံရေးပါတီတချို့သည် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို ယာယီ ၄ လအနေဖြင့် ဖွဲ့စည်းကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်မြှင့် ဖော်ဆောင်နိုင်ရေး နှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကျော်လွှားနိုင်ရေး ကြိုးပမ်းလာမှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် ၄၈ ပါတီသည် နိုဝင်ဘာလက အစည်းအဝေး ကျင်းပ၍ နိုင်ငံရေးပါတီ များ အစုအဖွဲ့ UPDJC ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သလို SNDP ပါတီမှ စိုင်းအိုက်ပေါင်းကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းအား အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြောင်း၊ ဒေါက်တာအေးမောင်နှင့် တခြားသော ၁၃ ဦးက အဖွဲ့ဝင်များအဖြစ်လည်းကောင်း အသီးသီး ပါဝင်ကြသည်။
UPDJC ကို အစိုးရ အစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စသဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားသည်။