CNI International News
အက်မက်၊ဖေဖော်ဝါရီ ၄
ဆီးရီးယားနိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS) အိုင်အက်စ်တို့ ခိုအောင်းသည့်နေရာကို အမေရိကန် တပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် အိုင်အက်စ်အဖွဲ့ခေါင်းဆောင်က ၎င်း၏မိသားစုနှင့်အတူ မိမိကိုယ်ကို အသေခံဗုံးခွဲ၍ တုံ့ပြန်ခဲ့ကြောင်း အမေရိကန်စစ်ဘက်မှ ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသား ဖော်ပြ သည်။
ယခုတိုက်ခိုက်မှုဖြင့် ၃ နှစ်အတွင်း အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးကို အမေရိကန်က ဖယ်ရှား ရှင်းလင်း လိုက်ခြင်းဖြစ်သည်။ အဆိုပါဒေသ၌ အသေအပျောက်များလှသည့် တိုက်ခိုက်မှုများ ထပ်တလဲလဲရှိနေ၍ ပြန်လည် ထူထောင်နိုင်ရေးမှာ မနည်းရုန်းကန်နေရဆဲဖြစ်သည်။
အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ညလုံးပေါက်ဝင်ရောက်စီးနင်းခဲ့မှုကို သမ္မတဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီး အစွန်းရောက်စစ်သွေးကြွအဖွဲ့အတွက် သိသိသာသာ ထိုးနှက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အိုင်အက်စ်တို့သည် ၎င်းတို့ဩဇာလွှမ်းမိုးမှုအတိုင်းအတာအနေဖြင့် ဆီးရီးယားမှ အီရတ်အထိ စတုရန်းမိုင် ၄၀,၀၀၀ ကျော်ကို ထိန်းချုပ်ထားပြီး လူဦးရေ ၈ သန်းကျော်ကို အုပ်စိုးနေခဲ့သည်။ ယင်းဒေသတွင်း တိုက်ခိုက်မှု များအနက် အိုင်အက်စ်အကျဉ်းသား ၃၀၀၀ ခန့်ကို ချုပ်နှောင်ထားသော ဆီးရီးယားအရှေ့မြောက်ပိုင်း အကျဉ်းထောင်တစ်ခုကို သိမ်းယူရေးအတွက် တိုက်ခိုက်မှုမှာလည်း ပြီးခဲ့သည့်လက အကြီးအကျယ် ဖြစ်ပွား ခဲ့သည်။
အိုင်အက်စ်ခေါင်းဆောင်ခိုအောင်းနေခဲ့သည့် နေအိမ်(ဓါတ်ပုံ-အေပီ)
ယခုအမေရိကန်တို့ စီးနင်းတိုက်ခိုက်မှုသည် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာအယ်လ်ဘက်ဒါဒီသေဆုံးပြီး ရက်ပိုင်းအကြာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် အိုင်အက်စ်အဖွဲ့ခေါင်းဆောင်နေရာကို ဆက်ခံခဲ့သည့် အဘူအီဘရာဟင်အယ်လ်ဟာရှီမီအယ်လ်ကွာစာရှီကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်ကွာစာရှီသည် ယခင်ခေါင်းဆောင်နှင့် မတူဘဲ လူအများမသိရှိအောင် လျှို့ဝှက်နေထိုင်လေ့ရှိသည်။
အယ်လ်ဘက်ဒါဒီသည် ၎င်းခိုအောင်းသည့်နေရာအနီးသို့ အမေရိကန်တပ်များ ချဉ်းကပ်လာစဉ် ယခု သေဆုံးခဲ့ သည့် အယ်လ်ကွာစာရှီနည်းတူ ၎င်းနှင့်ဇနီး၊ သားသမီးများအပါအဝင် အားလုံးကို ဗုံးဖောက်ခွဲ၍ အသေခံ တုံ့ပြန် ခဲ့သူဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။
“ကျနော်တို့တပ်ဖွဲ့ရဲ့ ရဲစွမ်းသတ္တိကြောင့် ဒီလိုကြောက်စရာကောင်းတဲ့ အကြမ်းဖက်ခေါင်းဆောင် အခု မရှိတော့ ပါဘူး” ဟု အိမ်ဖြူတော်တွင် ဘိုင်ဒန်က ပြောကြားခဲ့သည်။ အယ်လ်ကွာစာရှီသည် အကျဉ်းထောင် တိုက်ခိုက်မှု အပြင် ၂၀၁၄ ခုနှစ်ကလည်း အီရတ်ရှိ ယာဇီဒီမျိုးနွယ်စုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက်လည်း တာဝန်ရှိသူ ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။
ပစ်မှတ်ထားသော နေရာသို့ အမေရိကန်အထူးစစ်ဆင်ရေးအဖွဲ့ဝင် ၅၀ ခန့် ရဟတ်ယာဉ်များဖြင့် ဆင်းသက်ခဲ့ပြီး ဆီးရီးယားနိုင်ငံအတွင်း သူပုန်များထိန်းချုပ်ထားသည့် နေအိမ်တစ်လုံးဆီသို့ ဦးတည်ဝင်ရောက်ခဲ့ရာ သေနတ် သမားများနှင့် ၂ နာရီကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်ဟု အေပီက သတင်းဆက်လက်ဖော်ပြသည်။
ဆီးရီးယားပြည်တွင်းစစ်မှ နေရပ်စွန့်ခွာထွက်ပြေးသူများရှိနေသည့် တူရကီနယ်စပ်အနီး အက်မက်မြို့၌ အဆက် မပြတ်ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောကြသည်။
အိုင်အက်စ်ခေါင်းဆောင် ခိုအောင်းရာ နေအိမ်သို့ လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိ၍ အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုတင်သတိပေးထားသည့်အတိုင်း လိုက်နာကြဖို့ အမေရိကန်အထူးတပ်ကို မိမိ အမိန့်ပေးခဲ့ကြောင်းလည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
Source: AP