CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ဘုံရည်မှန်းချက်တူသူများဖြင့် ပူးပေါင်းဆောင်ရွက်ရေး ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “ကျနော်တို့ ပထမဦးဆုံး အကြိမ်ဆိုတော့လည်း မိတ်ဆက်တာပဲ ရှိပါတယ်။ ထပ်တွေ့ဖို့တော့ ရှိတယ်လေ၊ အဲဒါကတော့ သေချာတာပေါ့။ ဘာတွေ ဆွေးနွေးသလဲတော့ ဘာမှမဆွေးနွေးရသေးတာ။ ဆရာ့ကိုလည်း မပြောတတ်ဘူးလေ။ ဘုံရည်မှန်းချက်တူတဲ့ သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အဲဒါလောက်ပဲ ရှိတယ်လေ။ တခြားဟာတော့ ဘာမှမရှိဘူး”ဟု CNI သို့ ပြောသည်။

KNU နဲ့ NLD ပါတီတွေ့ဆုံဆွေးနွေးနေစဉ်

KNU နှင့် တွေ့ဆုံမှုတွင် NLD ပါတီဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ဦးဆောင်၍ ဗဟိုအလုပ် ကော်မတီ အဖွဲ့ဝင်များ ပါဝင်ခဲ့သည်။

ထို့နောက် KNU ဘက်ကမူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ နိုင်ငံခြား ရေးတာဝန်ခံ ပဒိုစောတောနီးနှင့် ဗဟိုအမြဲတမ်းကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဝါရင့်နိုင်ငံရေး အဖွဲ့အစည်းများဖြစ်ကြသည့် KNU နှင့် NLD ပါတီတို့၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံး နှစ်ဖက်တွေ့ဆုံမှုဖြစ်ကြောင်း၊ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း NLD ဗဟိုအလုပ် ကော်မတီ ဆက်ဆံရေးတာဝန်ခံက သတင်းထုတ်ပြန်ထားသည်။

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ ၅၀၀၀၀ ကျော် ရှိကြောင်း KNU က ထုတ်ပြန်ထား သည်။