CNI News

၂၀၂၂ ခုနှစ်၊ ‌ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မဈေးအတွင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တပ်ဖွဲ့များ နံနက် ၉ နာရီခန့်က ဝင်ရောက်လာခဲ့ပြီး ၁၂ နာရီခန့်တွင် ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့များ ဝင်ရောက်လာခြင်းကြောင်း ဈေးသူ/ ဈေးသားများ ကြောက်လန့်၍ ဈေးပိတ်သိမ်းကြခဲ့ကြကြောင်း သိရ သည်။
နမ့်ခမ်းမြို့ခံတစ်ဦးက “သူတို့ဝင်တာ မနက် ၉ နာရီ ဝန်းကျင်လောက်က မြို့ထဲဝင်လာတာပေါ့နော်၊ ဈေးပတ်လည်မှာ နေရာ လာယူ ထားတယ်၊ ပြီးတော့ အခုကြားရတာ မြို့စွန်ဖက်ရောက်သွားတယ်လို့ ကြားရတယ်၊ ဒီဇလွတ်ကုန်းဘက် တက်သွား တယ်လို့ ပြောတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ‌ဖေဖော်ဝါရီ ၄ ရက်တွင် နမ့်ခမ်းမြို့မဈေးသို့ ဝင်ရောက်လာသည့် TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်(TNLA)

နမ့်ခမ်းမြို့ထဲသို့ လက်နက်အပြည့်အစုံဖြင့် ဝင်လာသည့် TNLA တပ်ဖွဲ့တွင် အင်အား ၁၀၀ ဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အကုန်လုံး ပြန်ထွက်သွားခြင်း ရှိ/ မရှိကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

နမ့်ခမ်းမြို့ခံတစ်ဦးက “ကျနော်ထင်တာကတော့ အခွန်ကိစ္စပဲ ဖြစ်လောက်မယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့က လိပ်စာ ကဒ် အသစ်တွေ ပြန်လာဝေပေးတာ၊ အရင်က သူတို့သုံးတဲ့ကဒ် စစ်ဌာနက သုံးတဲ့ကဒ် ပြန်လာပေးတာ နာမည်အသစ်နဲ့ မိုင်းကိုအောင်လားမသိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က နမ့်ခမ်းမြို့မဈေးအတွင်း TNLA တပ်ဖွဲ့များမှ ငွေကောက်ခံမှုအ‌ပေါ် ဈေးသူ/ဈေးသားများမှ ဈေးမရောင်းခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က TNLA တပ်ဖွဲ့ဝင် ၂ ဦး နမ့်ခမ်းမြို့မဈေးထဲသို့ လာရောက်၍ ငွေကောက်ခံ(အခွန်) စဉ် ပစ်သတ်ခံခဲ့ရပြီးနောက် ဇန်နဝါရီ ၅ ရက်တွင် TNLA တပ်ဖွဲ့သည် အင်အား အများအပြားဖြင့် နမ့်ခမ်းမြို့ထဲဝင်ရောက် လာခဲ့ရာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။