CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၄

ကက်ရှ်မီးယားဒေသသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ်မိုဒီ အိန္ဒိယစစ်တပ်ယူနီဖောင်း ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ ပြစ်မှုမြောက်ကြောင်း သတိပေးလွှာတစ်စောင်ကို ဝန်ကြီးချုပ်ရုံးထံသို့ အူတာပရာဒတ်ပြည်နယ်ရှိ ခရိုင်တရားရုံးတစ်ရုံးက ပေးပို့ခဲ့ကြောင်း အိန္ဒိယတိုင်းမ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

စစ်သား၊ သင်္ဘောသား (သို့မဟုတ်) လေသူရဲတို့သာ အသုံးပြုခွင့်ရှိသည့် ယူနီဖောင်း (သို့မဟုတ်) သင်္ကေတ အမှတ်တံဆိပ်ကို ဝတ်ဆင်ခြင်းသည် အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၄၀ အရ အရေးယူနိုင်သော ပြစ်မှုမြောက်ကြောင်း အူတာပရာဒတ်ပြည်နယ်၊ ပရာယာဂျရတ်ခရိုင်တရားရုံးက သတိပေးခဲ့ခြင်း ဖြစ်သည်။

ခရိုင်တရားသူကြီး နာလင်ကူးမား စရီဗာ စတာဗာသည် တရားလွှတ်တော်ရှေ့နေ ရာကက်ရှ်နက်ပန်ဒေး၏ လျှောက်ထားချက် ကို ပုဒ်မ ၁၅၆ (၃) (ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃) အရ ကြားနာစစ်ဆေးနိုင်ရန် အမိန့်ပေးသည့် အကြောင်းကြားစာအား ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှုသည် တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်း၌ ဖြစ်ပွားခြင်း မဟုတ်ကြောင်းနှင့် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီးမှသာ ကြားနာနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၌ တရားသူကြီးချုပ် ဟာရန်ဒရာနက်သ်က ပယ်ချလိုက်သည့်အခါ တရား လွှတ်တော်ရှေ့နေ ပန်ဒေးက အထက်ပါအတိုင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အူတာပရာဒတ်ပြည်နယ်ရှိ ခရိုင်တရားရုံးတစ်ရုံးကိုတွေ့ရစဉ်(PTI)

ယခုအခါ ဝန်ကြီးချုပ်ရုံးထံသို့ ပန်ဒေးအနေဖြင့် သတိပေးလွှာ ပေးပို့နိုင်ခဲ့ပြီ ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီသည် ၂၀၁၇ ခုနှစ်မှစ၍ အခါအားလျော်စွာ စစ်ယူနီဖောင်း ဝတ်ဆင်ပြမှုများ ရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၌ ဝန်ကြီးချုပ် မိုဒီသည် စစ်ယူနီဖောင်းဝတ်ဆင်လျက် ဂျာမူးနှင့်ကက်ရှ်မီးယားဒေသ၊ နော်ရှီယာခရိုင်ရှိ အိန္ဒိယစစ်တပ်မှ စစ်သားများနှင့်အတူ ဒီပါဝလီအထိမ်းအမှတ် ဂုဏ်ပြုခဲ့သည်။

၂၀၁၆ ခုနှစ်ကတော့ ဝန်ကြီးချုပ်သည် အိန္ဒိယစစ်သားများနှင့်အတူ ဒီပါဝလီ အထိမ်းအမှတ်ပွဲကို အရပ်ဝတ်ဖြင့်သာ တက် ရောက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယစစ်တပ်၏ တိုက်ခိုက်ရေး ယူနီဖောင်းကို အဆောင်အယောင် မပါဝင် ဘဲ စတင် ဝတ်ဆင်ပြခဲ့သည်။

အလားတူ ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း နှစ်ပေါင်း ၂၀ ကျော်ကြာ တိုင်းပြည်အုပ်ချုပ်ခဲ့ရာတွင် လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ယူနီဖောင်းအားလုံးနီးပါး ဝတ်ဆင်ပြခဲ့ဖူးသည်။

အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ၎င်း၏စစ်ဦးစီးချုပ်ဖြစ်သော အိန္ဒိယသမ္မတအပေါ် သစ္စာစောင့်သိမှု ရှိရသည်။ နိုင်ငံတော်အကြီးအကဲကို ကိုယ်စားပြုသော သမ္မတ၏အမည်အောက်တွင်ရှိသည့် ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က သမ္မတ ချမှတ်ပေးသည့် လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရ သည်။

Source: India Times