CNI International News

ပြုံယမ်း၊ ဇန်နဝါရီ ၃၁

အာရှမဟာမိတ်များအပေါ် ၎င်း၏ကတိကဝတ်များပြသရန် ခြေလှမ်းများကို ဝါရှင်တန်စီစဉ်နေချိန်တွင် မြောက် ကိုရီးယားက ၎င်း၏အထင်ရှားဆုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို အမေရိကန်ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်း ပေါ်သို့ ရောက်ရှိအောင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်က ပစ်လွှတ်မှုသည် အမေရိကန်အပေါ် တိုက်ရိုက်ခြိမ်းခြောက်သည့် နျူကလီးယားနှင့် တာဝေး ပစ် ဒုံးကျည်စမ်းသပ်မှုများကဲ့သို့ မြောက်ကိုရီးယား၏ကြီးမားသည့်ရန်စများကို အစပျိုး ကြိုတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ဘိုင်ဒန်အစိုးရထံမှ ပိတ်ဆို့အရေးယူမှုမှ သက်သာခွင့် (သို့မဟုတ်) တရားဝင် နျူးကလီးယားပိုင်ဆိုင်သည့်နိုင်ငံအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး ထပ်မံဖိအားပေးလုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါစမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ၎င်း၏စစ်တပ်တွင် ပိုင်ဆိုင်ထားသည့် Hwasong-12 ဒုံးကျည်၏ အလုံးစုံ တိကျမှုကို စစ်ဆေးခြင်းဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ထုတ်လွှင့်ခဲ့သည်။

KCNA မှ ထုတ်လွှင့်ခဲ့သော ဓါတ်ပုံနှစ်ပုံအနက် တစ်ပုံမှာ ဒုံးကျည်ပစ်လွှတ်စင်မှ ကောင်းကင်သို့ပျံတက်လာသော ဒုံးကျည်တစ်စင်းကို တွေ့ရသည်။ နောက်တစ်ပုံတွင် မြောက်ကိုရီးယားနှင့်အနီးတဝိုက်နေရာဒေသများကို တွေ့ရ သည်။ အဆိုပါပုံကို ဒုံးကျည်ထိပ်ဖူးတွင် တပ်ဆင်ထားသော ကင်မရာဖြင့် ရိုက်ကူးသည်ဟု ဆိုသော်လည်း ဓာတ်ပုံ အစစ်အမှန်ဖြစ်ကြောင်း အတည်မပြုနိုင်သောကြောင့် အေပီသတင်းဌာန၏ သတင်းတွင်ထည့်သွင်းအသုံးမပြုရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါဒုံးကျည်ကို အခြားနိုင်ငံများပေါ် ဖြတ်ကျော်ပျံသန်းခြင်းမှ ရှောင်ရှားရန် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေပြင်ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားဘက်မှ ဆက်လက်ပြောကြားခဲ့သည်။ နောက်ထပ် အသေး စိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
တောင်ကိုရီးယားနှင့်ဂျပန်တို့၏အကဲဖြတ်ချက်များအရ အဆိုပါဒုံးကျည်သည် ၈၀၀ ကီလိုမီတာ (၄၉၇ မိုင်) ခန့် ပျံသန်းကာ ကိုရီးယားကျွန်းဆွယ်နှင့်ဂျပန်ကြား မကျရောက်မီ အမြင့်ပေ ကီလိုမီတာ ၂,၀၀၀ (၁၂၄၂ မိုင်) အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

Hwasong-12 ဒုံးကျည်သည် စံချိန်စံညွှန်းအပြည့်ဖြင့် ပစ်လွှတ်လျှင် အများဆုံးအကွာအဝေး ကီလီုမီတာ ၄,၅၀၀ (၂,၈၀၀ မိုင်)အထိ မြေပြင်မှ ပစ်ခတ်နိုင်စွမ်းရှိသော နျူကလီးယားလက်နက်ဖြစ်သည်။ ထိုအကွာအဝေးသည် အမေရိကန်စစ်အခြေစိုက်စခန်းများ ချထားသည့် ဂူအမ်ကျွန်းသို့ ရောက်ရှိရန် လုံလောက်သည့် အကွာအဝေး ဖြစ်သည်။

ယခင်ကလည်း တင်းမာမှုများရှိလာချိန်များ၌ ကိုရီးယားကျွန်းဆယ်မှနေ၍ အဆိုပါကျွန်းပေါ်သို့ အဆင့်မြင့် စစ်လေယာဉ်များ စေလွှတ်ပျံသန်းစေခြင်းဖြင့် အင်အားပြသခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ထိုစဉ်က ထရမ့်အစိုးရနှင့် မြောက်ကိုရီးယားတို့ တင်းမာမှုရှိနေစဉ် Hwasong-12 ဒုံးကျည်များကို ဂူအမ်ကျွန်းအနီး ပစ်လွှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

Source: AP