CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

ဖက်ဒရယ် Charter အား အခြေခံပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)ကို အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ ယာယီဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

NUCC က ပြည်သူ့ညီလာခံအား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် NUCC ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

ခွန်မြင့်ထွန်းက “၃၃ ဖွဲ့ကတော့ NUCC ကို အရင်ဆုံးက Prototype လို့‌ခေါ်တာပေါ့။ NUCC ကို စတင်ဖွဲ့စည်းခဲ့တဲ့ Prototype ကတော့ ရသမျှနဲ့ စုစည်းပြီးတော့ ဆောင်ရွက်ခဲ့ကြတာပေါ့။ အခုကြတော့ ဖွဲ့စည်းပုံတွေ စည်းမျဉ်းတွေ လုပ်ငန်းလိုင်စဉ်တွေ စသဖြင့် အဲတာတွေနဲ့ ဖက်ဒရယ် Charter ကို အခြေခံပြီး ပြန်ဖွဲ့တာပေါ့။ အဲပြန်ဖွဲ့တဲ့ အချိန်မှာ အားလုံး ၃၃ ဖွဲ့ရှိတာပေါ့” ဟု ပြောသည်။

ထိုဖွဲ့စည်းလိုက်သည့် အစုအဖွဲ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မည်မျှပါဝင်သည်ကို မိမိအနေဖြင့် ပြောပိုင်ခွင့် မရှိကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ကျင်းပပြုလုပ်သည့် NUCC ၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်း သား လက်နက်ကိုင် (၈) ဖွဲ့ပါဝင်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှ ဦးအောင်ဆန်းမြင့်က ပြောကြားထား သည်။

                                                                                     NUCC အဖွဲ့အစည်းကိုတွေ့ရစဉ်

လက်ရှိ NUCC တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အစုအဖွဲ့ အပါအဝင် အစုအဖွဲ့ (၅) ဖွဲ့ပါဝင်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

၎င်းက “အဲဒီမှာက‌တော့ အဓိကကျနော်တို့ အစုအဖွဲ့ကတော့ (၅) ခုရှိတယ်၊ အစုအဖွဲ့ (၅) ခုကတော့ ရွေးကောက်ခံ ကိုယ်စား လှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့၊ ပြည်နယ်ကိုယ်စားပြု၊ လူမျိုးကိုယ်စားပြု အစုအဖွဲ့ ပေါ့နော်။ ပြီးတော့ သပိတ်တို့ CDM တို့ အစုအဖွဲ့ တစ်ခု၊ နိုင်ငံရေးပါတီ အစုအဖွဲ့ အားလုံး အစုအဖွဲ့ (၅) ခုရှိမယ်၊ အဲဒီအစုအဖွဲ့ (၅) စုမှာ စုစုပေါင်း အဖွဲ့ဝင် အဖွဲ့အစည်းကတော့ ၃၃ ဖွဲ့ပေါ့နော်” ဟု CNI သို့ပြောသည်။

NUCC တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့မှ မတူညီသည့် ပုံစံတွင်ပါဝင်ပြီး လက်ရှိ၌ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်နေ ကြောင်း၊ အကြမ်းဖျင်းအားဖြင့် (၈)ဖွဲ့ ပါဝင်သည်ဟု ပြောနိုင်ကြောင်း၊ ထိုလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမည်နာမကို လက်ရှိအချိန်ထိ ထုတ်ဖော်ပြောပြခြင်း မရှိသေးပေ။

NUCC က ကျင်းပခဲ့သည့် ပြည်သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြား ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။