CNI International News

ဒူဘိုင်း၊ ဇန်နဝါရီ ၃၁

ယီမင်နိုင်ငံမှ ဟူသီသူပုန်များ ဇန်နဝါရီ ၃၁ ရက်အစောပိုင်းက ပစ်ခတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်ကို အာရပ်စော်ဘွား များပြည်ထောင်စု(ယူအေအီး)က ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ အစ္စရေးသမ္မတ ယူအေအီးနိုင်ငံသို့ လာရောက်စဉ် ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုတိုက်ခိုက်မှုသည် မကြာသေးမီရက်သတ္တပတ်များတွင်း တတိယ မြောက်တိုက်ခိုက်မှုဖြစ်ကြောင်း ယူအေအီးအာဏာပိုင်များက ပြောကြားသည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အစ္စရေးသမ္မတ အိုင်ဇက်ဟာဂေါ့၏ခရီးစဉ်အတွင်း တိုက်ခိုက်မှုသည် ပါရှန်ပင်လယ်ကွေ့ရှိ တင်းမာနေမှုများကို ဆက်လက်ဖြစ်ပွားစေရန် မီးထိုးပေးခဲ့သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်၏ နျူကလီးယားသဘောတူညီ ချက်များ ပျက်ပြားသွားပြီးနောက် ယီမင်နိုင်ငံ၌ နှစ်ရှည်စစ်ပွဲ အရှိန်မြင့်နေချိန် ပါရှန်ပင်လယ်ကွေ့ဒေသတွင်း တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခဲ့သည်။

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ စေ့စပ်ညှိနှိုင်းရေးမှူးများက ပင်လယ်ကွေ့သဘောတူညီချက်ကို ဆက်ထိန်း ထားရန် ကြိုးပမ်းနေပြီး ဟူသီသူပုန်များ အာရပ်စော်ဘွားများ ကျောထောက်နောက်ခံပြုတပ်ဖွဲ့များက ဖိအား ပေးနေခြင်းကြောင့် သူပုန်များက တာဝေးပစ်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြသည်။

အဆိုပါတိုက်ခိုက်မှုများသည် အန္တရာယ်များမြောင်လှသည့် ဒေသတွင်း၌ ဘေးကင်းသောတစ်နေရာဟု နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များကို ကာလရှည်ကြာကြော်ငြာနေခဲ့သည့် ယူအေအီးနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်လာခဲ့သည်။

ပစ်လွှတ်လိုက်သော ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ခြင်း သတင်းနှင့်ပတ်သက်၍ ယူအေအီးအစိုးရပိုင် WAM သတင်းဌာနက “ပဲ့ထိန်းဒုံးကျည်အပိုင်းအစများသည် လူနေထူထပ်သောနေရာများ၏အပြင်ဘက်သို့ ကျရောက်ခဲ့ ၍ ဆုံးရှုံးမှုတစုံတရာမရှိကြောင်း” ထုတ်လွှင့်ခဲ့သည်။ ဒုံးကျည်အကြွင်းအကျန်များ မည်သည့်နေရာတွင် ပြုတ်ကျ ခဲ့ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ခရီးဝေးလေကြောင်းလိုင်းများဖြစ်ကြသည့် Emirates နှင့် Etihad တို့တည်ရှိရာ ယူအေအီးတွင် ယခု တိုက်ခိုက်မှု ကြောင့် လေကြောင်းပြေးဆွဲမှုများအပေါ် လတ်တလောအကျိုးသက်ရောက်မှုမရှိကြောင်း ယူအေအီးနိုင်ငံ၏ အရပ် ဘက်လေကြောင်းထိန်းချုပ်ရေးအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အာရေဗျကျွန်းဆွယ်ရှိ သက်ဦးဆံပိုင်ဖက်ဒရယ်ပြည်ထောင်စုဖြစ်သည့် ယူအေအီးတွင် အဆိုပါဖြစ်စဉ်ကို ရိုက်ကူး ခြင်း(သို့မဟုတ်)အင်တာနက်ပေါ် လွှင့်တင်ခြင်းပြုသူများကို ရာဇဝတ်မှုဆိုင်ရာစွဲချက်တင်မည်ဟု ယူအေအီး အစိုးရရှေ့နေတစ်ဦးက ခြိမ်းခြောက်ထားသည်။ ယင်းသို့ဖြစ်စဉ်မျိုးကို သတင်းပေးပို့ရခြင်းမှာ သတင်းသမားများ အတွက်လည်း ပိုမိုခက်ခဲ ရှုပ်ထွေးစေသည်။

တိုက်ခိုက်မှုအပြီး နာရီဝက်ခန့်အကြာတွင် ယီမင်နိုင်ငံ၊ အယ်လ်ဂျော့ဖ်ပြည်နယ်တွင် ဒုံးကျည်တစ်စင်း ပျက်စီး  သွားကြောင်း မြင်တွေ့ရသည့် ဗီဒီယိုမှတ်တမ်းကို ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယခင်သီတင်းပတ်ကလည်း အခြားတိုက်ခိုက်မှုတစ်ခု အယ်လ်ဂျော့ဖ်ပြည်နယ်တွင် ရှိခဲ့ပြီး ယင်းသို့သော တိုက် ခိုက်မှုများအတွက် အနောက်နိုင်ငံများထံမှ ထောက်လှမ်းရေးသတင်းအကူအညီကို ယူအေအီးက ကြိုတင်သိရှိပုံ ရကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြသည်။

Source: AP