CNI International News
ဘေဂျင်း၊ ဇန်နဝါရီ ၃၁
တရုတ်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များသည် အမှီအခိုကင်းကင်းဖြင့် သတင်းရေးသားခြင်းအား အသိအမှတ်ပြုရန် ကြိုး ပမ်းမှုများမှာ မကြုံစဖူး အတားအဆီးများ၊ ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သတင်းအဖွဲ့တစ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၃၁ ရက်) တွင် ထုတ်ဖော်ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြ ထားသည်။
ဥပဒေသုံး၍ ခြိမ်းခြောက်ခြင်း၊ အွန်လိုင်းမှ လှောင်ပြောင်သရော် (troll)လုပ်သည့် လှုပ်ရှားမှုများ၊ သတင်းသမားဦးရေ လျော့ နည်းလာခြင်းတို့ကြောင့် တရုတ်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များ မကြုံစဖူး အတားအဆီးများ၊ ဖိအားများနှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဆက်လက်ဖော်ပြထားသည်။
သတင်းရင်းမြစ်များထံမှ တွေ့ဆုံမေးမြန်းရန် သဘောတူပြီးနောက် ဘေဂျင်းအနေဖြင့် တရားစွဲဆိုမှု အရှိန်အဟုန် တွန်းအား ပေးနေကြောင်း (သို့မဟုတ်) နိုင်ငံခြားသတင်းထောက်များအပေါ် ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်မှု ရှိနေပုံရကြောင်း နိုင်ငံခြားသတင်းထောက်များကလပ် (FCCC) က ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖွင့်ချထားသည်။
“ယခုအချိန်တွင် အန္တရာယ်ရှိသော အခင်းအကျင်းကို မသိမသာ နည်းလမ်းများသုံး၍ အပြောင်းအလဲ လုပ်နေကြောင်း” Economist မဂ္ဂဇင်း၏ ဘေဂျင်းဗျူရိုအကြီးအကဲ ဒေးဗစ်ရန်နီး (David Rennie) က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
“အထူးသဖြင့်တော့ သတင်းအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ သတင်းစာတွေအပေါ်မှာ ဥပဒေကြောင်းအရ အရေးယူခံရတာ (ဒါမှမဟုတ်) အရပ်ဘက် တရားစွဲဆိုခံရတာတွေ (ဒါမှမဟုတ်) အမျိုးသားလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု အဆင့်အထိ ရောက်နိုင်တဲ့ သတိပေးချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တရုတ်လုံခြုံရေးတပ်ဖွဲ့၀င် တစ်ဉီးကိုတွေ့ရစဉ်။(GETTY IMAGES)
သတင်းသမားများကို အမည်ပျက်စာရင်း (blacklist) ထဲ ထည့်ခြင်း၊ (သို့မဟုတ်) စာနယ်ဇင်းကတ်များ၊ ဗီဇာပြဿနာများမှ တဆင့် မီဒီယာကို ထိန်းချုပ်ရန် အစောပိုင်း ယန္တရားတစ်ခုအနေဖြင့် စိုးရိမ်စရာ အပြောင်းအလဲများ လုပ်ဆောင်လာခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်အစိုးရပိုင် CGTN ရုပ်သံလိုင်းတွင် လုပ်ကိုင်နေသော ဩစတြေးလျ ရုပ်သံသတင်းကြေညာသူ ချောင်လိနှင့် Bloomberg News မှ ဟေ့ဇ်ဖန် (Haze Fan) တို့ ဖမ်းဆီးခံရပြီးနောက် ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်မှုများ တိုးလာခဲ့ သည်။
၎င်းတို့နှစ်ဦးကို အမျိုးသားလုံခြုံရေးကို ထိပါးစေသည်ဟူသော သံသယဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။
တစ်ချိန်တည်းတွင် နိုင်ငံခြား သတင်းထောက်များနှင့် ၎င်းတို့ အဖွဲ့အစည်းများသည် ကြီးမားလာသော အန္တရာယ်နှင့် ပတ်သက်၍ အရေးပေါ် ထွက်ပေါက် အစီအစဉ်များကို ရေးဆွဲခဲ့ကြပြီး အစိုးရကျောထောက် နောက်ခံဖြင့် ထိုးနှက်တိုက်ခိုက် မှုများ၊ အထူးသဖြင့် အွန်လိုင်းတွင် လှောင်ပြောင်သရော်သည့် လှုပ်ရှားမှုများကြောင့် မီဒီယာလောကတွင် ကျန်ရှိနေသူများ အတွက် လုပ်ဆောင်ရ ခက်ခဲစေသည်ဟု FCCC အစီရင်ခံစာတွင် ရေးသားထားသည်။
ထိုသို့သော လုပ်ရပ်များကြောင့် နိုင်ငံခြားမီဒီယာများအပေါ် ရန်လိုသည်ဟူသော ခံစားချက်ကို တိုးပွားလာစေပြီး တရုတ် သတင်းဖော်ပြ တင်ဆက်မှုများ အခက်အခဲ ကြုံနေရကြောင်း ဖွင့်ချထားသည်။ ယခုတွေ့ရှိချက်မှာ FCCC အဖွဲ့ဝင် သတင်း ထောက် ၁၉၂ ဦးအနက် ၁၂၇ ဦး၏ စစ်တမ်းဖြေဆိုမှုကို အခြေခံထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တုန်းကလည်း နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်နှင့် ဝေါလ်စထရိဂျာနယ်တို့မှ အမေရိကန် သတင်းသမား များကို နှင်ထုတ်မည်ဟု တရုတ်က ကြေညာခဲ့သည်။
Source: Bangkok Post