CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသတွင် တိုက်ပွဲမရှိတော့သဖြင့် ထိုင်းဘက်ရှိ လေးကေ့ကော် တိုက်ပွဲရှောင်စခန်း ၃ ခုစလုံးအား ထိုင်းအာဏာပိုင်များမှ ပိတ်သိမ်းကာ စခန်းရှိ ဒေသခံ ၇၀၀ ကျော်အား နေရပ်ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲရှောင်များကို အကူအညီပေးနေသည့်အဖွဲ့မှ သိရသည်။
တိုက်ပွဲရှောင်စခန်းသို့ရောက်ရှိလာသည့် လေးကေ့ကော်ဒေသခံ တစ်သောင်းကျော်သည် အသုတ်လိုက် ခွဲပြီး နေရပ်ပြန် နေသည်များရှိသဖြင့် တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေအနည်းငယ်သာကျန်တော့သည့်အတွက် ထိုင်းအာဏာပိုင်များမှ ယခုကဲ့သို့ နေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “တိုက်ပွဲမဖြစ်တော့ဘူးပေ့ါဗျာ။ ပြန်ပေါ့။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျနော်တို့ရုံးနဲ့ မနီးမဝေး ဘုန်းကြီးကျောင်းရှိတယ်။ စစ်ရှောင်ပြည်သူ ၇၀၀ နဲ့ ၃၀ လောက် လာထားတယ်။ ရွှေ့လိုက်တယ်ပေါ့။ ရွှေ့ပြီးတော့ မဲ့ကော်ကင်းကနေ အပြီးပိတ်သိမ်းတဲ့ပုံစံမျိုးပေါ့။ ပြန်လို့ရပြီပေါ့။ စစ်ပွဲတွေလည်းမဖြစ်တော့ဘူး။ မတော်တဆ စစ်ပွဲပြန်ဖြစ်လာတယ်ဆိုရင်လည်း ပြန်လာခဲ့ပေါ့။ ကျနော့်အနေနဲ့မြင်တာကတော့ စစ်ပွဲစဖြစ်တဲ့အချိန်မှာ လူတွေ က သောင်းနဲ့ ဖြစ်သွားတယ်။ အဲ့နောက်ပိုင်းမှာ အားလုံးပြန်သွားတယ်။ လူလည်းဒီဘက်မှာ သိပ်မရှိတော့ဘူး။ ဟိုဘက်မှာလည်း သေနတ်သံတွေ မကြားရတော့ဘူးဆိုတော့ ပြန်တာကတော့ ပိုကောင်းမယ်ထင်လို့ သူတို့အနေနဲ့ ပေးပြန်တယ်လို့ အဲ့လိုထင်တယ်” ဟု ဆိုသည်။
ထိုင်းရှိ တိုက်ပွဲရှောင်စခန်းများအား ဇန်နဝါရီ ၂၇ ရက်နေ့က ထိုင်းအာဏာပိုင်များမှ အပြီးပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ထိုသို့ နေရပ်ပြန်ရသည့် တိုက်ပွဲရှောင်များတွင် အချို့သည် နေရပ်ပြန်ချင်သူများရှိသလို အချို့မှာလည်း လုံခြုံရေးအား စိုးရိမ်သည့်အတွက် နေရပ်မပြန်ချင်ကြသူများလည်း ရှိကြောင်း သိရသည်။
လေးကေ့ကော်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၆ ရွာတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ပြည်သူနေအိမ် များအပါအဝင် အခြားအဆောက်အအုံများ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည့်အတွက် အချို့ဒေသခံများမှာ နေရပ်သို့ မပြန်ဘဲ အခြားနေရာတွင် နေထိုင်လျက်ရှိကြကြောင်း သိရသည်။
“နေရပ်ကို မပြန်တဲ့သူတွေလည်းရှိတယ်။ မြဝတီမြို့ထဲမှာ တချို့တွေလည်း ကိုယ်နဲ့နီးစပ်ရာပေါ့ အကူအညီ တောင်းပြီးနေကြတယ်။ တချို့တွေလည်း အိမ်ငှားနေတဲ့ပုံစံမျိုးတွေနဲ့နေကြတယ်။ တချို့တွေလည်း သူတို့နဲ့ နီးစပ် တဲ့ရွာတွေမှာ နေကြတယ်။ တစ်အိမ်လုံး မီးလောင်သွားတဲ့မိသားစုတွေကတော့ နေရပ်ကို ပြန်လို့မရတော့ဘူး လေ။ အစကနေ ပြန်ပြီးတော့ စီစဉ်ရမှာတွေက အများကြီးဆိုတော့ မြဝတီမြို့ထဲမှာပဲ အကူအညီတောင်းပြီးတော့ နေကြတဲ့သူတွေက များပါတယ်” ဟု ကိုသားကြီးက ဆက်ပြောသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတစ်လတာအတွင်းတွင် KNU- ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင် အမျိုးသားကာကွယ်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၃၁၀) ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။