CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁
ဗမာလူမျိုးများကိုယ်တိုင် ခုခံတွန်းလှန်သောစစ်ဖြင့် အပြီးသတ် တိုက်ထုတ်ရန် ကြိုးပမ်းနေခြင်းက အာဏာရှင်စနစ်ကို မလို လားကြောင်း ပြသနေသည်ဟု AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် (၃)ဖွဲ့က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် ကျရောက်သည့် (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။
AA၊ TNLA၊ MNDAA တို့က “ယခုဆိုလျှင် ဗမာလူမျိုးအများစု ကြီးစိုးခြယ်လှယ်ထားသော မြန်မာ့တပ်မတော်(တနည်း)အာဏာ သိမ်းစစ်ကောင်စီကို မြန်မာပြည်အနှံ့အပြားရှိ ဗမာလူမျိုးများကိုယ်တိုင်ခုခံတွန်းလှန်သောစစ်ဖြင့် အပြီးသတ်တိုက်ထုတ်ချေ မှုန်းရန် ကြိုးပမ်းအားထုတ်နေသည်များကို တွေ့ရှိလာရသည်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုကို ဖော်ပြရာရောက်ပြီး တစ်နိုင်ငံလုံးမှ မလိုလားမှုကို ပြသရာလည်း ရောက်နေသည်”ဟု ပြောသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သော်လည်း အခြားသော တိုင်းရင်းသားလူမျိုးများမှာ ဖိနှိပ်အုပ်ချုပ်သူ စစ် အာဏာရှင်အစိုးရ၏ မတရားအနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှုကို ခံနေရသောကြောင့် ဤနိုင်ငံအတွင်းမှ လူမျိုးအသီးသီးမှာ ခုခံ တော်လှန်စစ်ကို ဆင်နွှဲပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
AA၊ TNLA၊ MNDAA ပူးတွဲထုတ်ပြန်ချက်တွင်“မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့်၊ တအာင်း၊ ရခိုင် အဖွဲ့ အစည်း တို့သည် တူညီသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့ လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးအတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေကြသည့်အလျောက် မိမိတို့နှင့် ဘုံရန်သူ တူညီပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြားသော မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံကာကွယ်သော အနေဖြင့် အခြေအနေ၏ စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင် သွားကြရမည်ဟု အလေး အနက် ယုံကြည်သည်”ဟု ဖော်ပြထားသည်။
ကရင့်တော်လှန်ရေး (၇၃)နှစ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ကရင့်အာဇာနည်များ၊ ကရင့်သူရဲကောင်းများ၊ ကရင့် ပြည်သူလူထုတို့၏ ပေးဆပ် စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့ လွမ်းဆွတ်ခြင်းနှင့်အတူ ဦးညွတ်အလေးပြုရင်း ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်သည်ဟု ဖော်ပြထားသည်။
ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။