CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀

လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၃၀ ရက်) မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိနေပါတယ်”ဟု ပြောသည်။

ထို့နောက် နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အရှိန်အဟုန် ဖြင့် ဆက်လက် ဆောင်ရွက်နေမှု အခြေအနေများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစကအဖွဲ့ဝင်များကို ရှင်းလင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့က နစကအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမှာစကားပြောနေစဉ်

နစက-က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာထားသလို သက်ဆိုင်ရာ အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်းလည်း ထုတ်ပြန် ကြေညာထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ ရွေးကောက်ပွဲကို နစကအနေဖြင့် မဖြစ်ဖြစ်အောင် ကျင်းပသွားမည့် အနေ အထားရှိကြောင်း၊ သို့သော် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများနှင့် မဲပေးရမည့် ပြည်သူများ ၏ လုံခြုံရေးမှာမူ စိုးရိမ်စရာရှိနေကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါက နစက၏ အရေးပေါ် ကြေညာချက် သက်တမ်း တိုးစရာမရှိတော့ခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲများ ပိုမို ဆိုးရွားသွားနိုင်ကြောင်း သုံးသပ်ကြသည်။

တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူခဲ့ သည်။

ထို့နောက် ဒီမိုကရေစီအရေးတောင်းဆို ဆန္ဒပြမှုများဖော်ပေါက်ခဲ့သလို NLD မှ လွှတ်တော်အမတ်များနှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ ဦးဆောင်၍ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းကာ အာဏာပြန်လည် ရရှိရေးကြိုးပမ်းလျက်ရှိနေကြသည်။

အလားတူ NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ တပ်မတော်အား တစ်ဖက်မှာလည်း လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် တော်လှန်ရေးကို ဆောင်ရွက်လျက်ရှိနေခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တချို့မှာ လက်နက် ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး မတည်ငြိမ်မှုများ ကြုံတွေ့နေရသည်။

လက်ရှိတွင် ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသလို တရားဥပဒေစိုးမိုးရေး အားနည်းနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။