CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အမျိုးမျိုး၏ ရန်မှ ကင်းလွတ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန် တည်ထောင်နိုင်ရန် ကြိုးစားအားထုတ်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးမှ တိုက်တွန်းခဲ့သည်။

ဇန်နဝါရီ ၃၁ နေ့တွင် ကျရောက်မည့် (၇၃) ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက “ကရင့်အမျိုးသားများ၏ (၇၃) နှစ်မြောက် ခုခံတော်လှန်ရေးနေ့ အခါသမယ၌ တိုက်တွန်းလိုသည်မှာ စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အမျိုးမျိုး၏ ရန်မှ ကင်းလွတ်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ အစစ်အမှန် တည်ထောင်နိုင်ရန် ကြိုးစားအားထုတ်ကြပါ။ ပြည်သူလူထုအားလုံးနှင့် ပြည်ထောင်စုကြီးအတွင်းရှိ လူမျိုးတိုင်း၏ အကျိုးစီးပွား၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂါတ် မျိုးဆက်သစ်များအတွက် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်လျှက် မိမိတို့ ကရင်အမျိုးသားများအပြင် သက်ဆိုင်ရာ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် ပြည်သူလူထု တစ်ရပ်လုံးက စည်းစည်းလုံးလုံးနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါတယ်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသား ခုခံတော်လှန်ရေး၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို ဖျက်သိမ်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအစစ်အမှန် တည်ထောင်ရန်ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေး မိမိတို့ ကရင်အမျိုးသားများ၊ ကရင်အမျိုးသားအဖွဲ့အစည်းများ နှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထု တစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် ကြရမည်ဟု ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖို့မှ တိုက်တွန်းခဲ့သည်။