CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀

နိုင်ငံတကာများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို အသိအမှတ်မပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တောင်းဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ NUCC က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုသာ တရားဝင်အစိုးရအဖြင့် အသိအမှတ်ပြုရန် ဤညီလာခံက တောင်းဆိုတိုက်တွန်းသည်။ သို့ဖြင့်၍ ပြည်သူထူထုများ၏ ဘဝလုံခြုံမှုရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲဆောင် ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုတစ်ရပ်လုံးအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု NUCC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUCC က ကျင်းပသည့် ပြည်သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုကြောင်းနှင့် NUCC ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နစကကောင်စီကို လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများစသည့် ကျူးလွန်နေမှုမှန်သမျှကို ပြည်သူ့ညီလာခံကြီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး နစကကောင်စီအား ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခံရုံး (ICC) ၌ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု NUCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။