CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ နစကကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး မြို့တွင်းမှ ထွက်ခွာရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ မှ ဇန်နဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် နစကကောင်စီ၏ လုပ်ရပ်များအပေါ် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ နည်းမျိုးစုံဖြင့် တော်လှန်နေကြကြောင်း၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ ယန္တယားများ မလည်ပတ်နိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးအား မိမိနေထိုင်ရာဒေသသို့ အတားအဆီးမဲ့ ရေလမ်းခရီးဖြင့် ဖာပွန်မြို့မှ သတ်မှတ်သည့်အချိန် နေ့ရက်အတွင်း ထွက်ခွာကြရန်နှင့် မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီလက်အောက်တွင် ဌာနဝန်ထမ်းများ ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် အသိပေးအကြောင်းကြားအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုန်ပြန်ချက်ကို လိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားသည်ဟု ဖော်ပြထားသည်။

၎င်းတို့ သတ်မှတ်ထားသည့်ရက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ (၁၀) ရက် သတ်မှတ်ထားကြောင်း သိရသည်။