CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသော  တိုက်ပွဲရှောင်များ ထဲမှ အမျိုးသမီးတချို့သည် သားဆက်ခြားနည်း ကျန်းမာရေး အသိအားနည်းနေသလို ၎င်းတို့အား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ အသိပညာပေး မှုများလည်း အားနည်းကြောင်း တိုက်ပွဲရှောင် အမျိုးသမီးများက ပြောသည်။

တိုက်ပွဲရှောင်စခန်းများတွင် စားဝတ်နေရေးအပြင် အမျိုးသမီး ကျန်းမာရေးသုံး ပစ္စည်းများနှင့် ပတ်သက်၍လည်း အခက်အခဲကြုံနေရကြောင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ တောင်မင်းကုလားတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် အမျိုးသမီးဖြစ်သူ မအေးခင်က ပြောသည်။

၎င်းက “အိမ်ထောင်သည်တွေ သုံးတဲ့ဟာနဲ့ ပတ်သက်ပြီး သူတို့က ပြောတော့ပြောတယ်။ အဲလိုမျိုး မသောက်ရဘူး၊ ဘာညာပေါ့နော်။ အဲလိုမျိုး ကလေးယူရင် အခက်အခဲတွေကြုံတယ် စားဝတ်နေရေး အဆင်မပြေ ဘူး အလုပ်တွေ မရှိဘူး။ အဲလိုမျိုးပြောတာတွေ ရှိတယ်။ အဲလိုမျိုး ဆေးတွေပေးတာတော့ မရှိဘူး။ အခက်အခဲ ကတော့ ရှိတယ်။ မဝယ်နိုင်လို့ ကလေးတွေက အပြင်မှာ ကတစ်နှစ်တောင် မပြည့်သေးဘူး ကိုယ်ဝန် တောင်ရှိနေပြီ။ ကိုယ်ဝန်က တော့ မွေးဖို့နေနေသာ(မွေးခါနီး) ဖြစ်နေပြီ။ မကယ်နိုင်တဲ့အဆင့်ပေါ့။ ကလေးတစ်ယောက်တစ်ယောက် ကလေး အမေကတော့ ကိုယ့်ကိုယ်ဝန်ကို ထိန်းသိမ်းရမှာလား။ ကလေး ခြောက်လ၊ ခုနှစ်လကို သူတို့က ထိန်းရမှာလား အဲလိုမျိုး အခက်အခဲတွေက ပေါင်းစုံပဲ။ ကျန်းမာရေး ဗဟုသုတလည်း အားနည်းတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲရှောင် စခန်းမှာနေထိုင်သည့် ကလေးနှင့် အမျိုးသမီးများအတွက် ကူညီပေးနိုင်သော အဖွဲ့အစည်း များအနေဖြင့် ကူညီပေးရန်လိုအပ်ကြောင်း မအေးခင်က ပြောသည်။

ရခိုင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်  (Frontier)

တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးအဖွဲ့အစည်းများ အနေဖြင့် တိုက်ပွဲရှောင်စခန်းများအား ကျန်းမာရေး အသိပညာပေးမှုများ ပြုလုပ်ပေးခဲ့မှုများရှိသော်လည်း ဗဟုသုတ အားနည်းနေဆဲဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်ညိုအေးက “ဘာတွေ အခက်အခဲ ကြုံရလည်းဆိုတော့ နေရာတိုင်းမှာ ကျေးလက် ဆေးပေးခန်းတို့ ဘာတို့ ကတော့ အခုကတော့ အကုန်ပျက်သွားတယ်လေ။ မပျက်ခင်တုန်းကတောင်မှ ကျမတို့မှာ ကျေးလက် ဆေးပေး ခန်းတွေမှာ ဝန်ထမ်းအင်အား မရှိကြဘူး။ ဒါကလည်း ကျန်းမာရေး ဝန်ထမ်းတွေဘက်ကလည်း ချို့ယွင်းတယ်လို့ ပြောလို့ မရဘူးလေ။ သားဆက်ခြားနဲ့ ပတ်သက်လို့ကတော့လေ ကျန်းမာရေး ပညာပေးတာကတော့ ထိုက်သင့်တဲ့ အနေထားမှာတော့ ပေးနေကြတာပဲ။ ဒါပေမယ့် လုံလောက်မှု ရှိတယ်လို့တော့ ကျမတို့က ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ လိုက်မမှီနိုင်ကြဘူးလေ။ ပြီးတော့ သားဆက်ခြား အထောက်အကူပြု ဆိုတာကလည်း သေသေချာချာလေး သူတို့ကို ပညာပေး ဟောပြောပေးနိုင်မှပေါ့နော်။ ဒါတောင်မှ တချို့တွေက သိပ်နားမလည် ကြဘူးလေ။ ပြီးတော့ တချို့တွေကျတော့လည်း တားဆေးနဲ့ပတ်သက်လို့ ဘယ်လို သုံးဆောင်ရမလဲဆိုတာ သိ တော့ သိနေတယ်။ ဒါပေမယ့် သူတို့က အချိန်အခါကြောင့်လား ဒါမှမဟုတ် ဝမ်းရေးကြောင့်လားတော့ မသိဘူး။ ရက်ပျက်သွားတာမျိုးတွေနဲ့ ကြုံရလို့ရှိရင်တော့ အဲဒီအမျိုးသမီးဟာ သားဆက်ခြားဖို့ မလွယ်ကူလှတော့ဘူး။ အဲဒါ မျိုးတွေက တော်တော်များများ နေရာမှာ ကြားသိနေရပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အ၀င်ကိုတွေ့ရစဉ်

မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ကျန်းမာရေးပိုင်းနှင့် ပတ်သက်ပြီး ဗဟုသုတ အားနည်းသော ကြောင့် ဆေးဝါး အကူအညီများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း တိုက်ပွဲရှောင်များ က ပြောသည်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ဇွန်လအထိ သုံးလတာ ကာလအတွင်းမှာ အမျိုးသမီး ၁၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း  မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

IDP Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ၊ ဧပြီ ၂၅ ရက်အထိ လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ ၈၁၀,၈၈၉ ဦး ရှိလာကြောင်း၊ ထိုမတိုင်ခင် တိုက်ပွဲရှောင် အရေအတွက် ၄၉၇,၂၀၀ ဦး ရှိနေခြင်းကြောင်း၊ လက်ရှိတွင် စုစုပေါင်း တိုက်ပွဲရှောင်ဦးရေ ၁,၃၀၈,၀၈၉ ဦး ရှိလာ ကြောင်း သိရသည်။