CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

ဗေဒင်နှင့် အကြားအမြင်ဟောတမ်း ထုတ်ခွင့်လိုင်စင် လျှောက်ထားရမည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီဌာနက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သာသနာရေးဝန်ကြီးဌာနဟု သုံးနှုန်းထားကြောင်း၊ နစက လက်ထပ်တွင် သာသနာရေး ဝန်ကြီးဌာနမရှိကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာ ရှိကြောင်း၊ ထုတ်ပြန်ချက်သည် သတင်း အမှားသာ ဖြစ်ကြောင်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက " ညီမတို့ဌာနမှာ အမြဲတမ်း အတွင်းဝန်လည်း မရှိပါဘူး။ နောက်တစ်ခုက letter head ကလည်း သာသနာရေး ဖြစ်နေပါတယ်။ သာသနာရေးနှင့်ယဥ်ကျေးမှုဌာနဆိုမှ မှန်ပါတယ်။ နောက် အဲ့စာမှာ လက်မှတ်လည်း ပါမနေဘူး။ အမြဲတမ်း အတွင်းဝန်ဆိုတဲ့ နာမည်ကိုလည်း မသိရပါ။ သူ့ကိုလည်း မသိပါဘူးရှင့်။ သာသနာရေးဝန်ကြီးဆိုတာ မရှိဘူး ရှင့်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပဲ ရှိပါတယ်ရှင့်။ အမြဲတမ်းအတွင်းဝန်က တစ်ယောက်ပဲ ရှိပါတယ်"ဟု ပြောသည်။

ဗေဒင်နဲ့အကြားအမြင်ဟောတမ်း လိုင်စင်တင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်အတုကိုတွေ့ရစဉ်

သတင်းအမှား ထုတ်လွှင့်ခဲ့သော ထုတ်ပြန်ချက်တွင် ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်သူ အားလုံးသည် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၌ ဗေဒင်နှင့်အကြားအမြင် ဟောတမ်း ထုတ်ခွင့်လိုင်စင် ပုံစံ-က၊ ပုံစံ-ခ၊ ပုံစံ-ဂနှင့် ပုံစံအထူးတို့ကို လျှောက်ထားရမည် ဖြစ်ကြောင်း ပါရှိသည်။

ထို့နောက် သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနမှ ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်ခွင့်လိုင်စင် တစ်မျိုးမျိုး မရရှိဘဲ အပိုဒ် (၁)ပါ အချက်များကို ကိုယ်တိုင်သော်လည်းကောင်း၊ လူမူကွန်ယက်နှင့် အခြားသော ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုမှ သော်လည်းကောင်း ဆောင်ရွက်သည်ကို တွေ့ရှိပါက မြန်မာနိုင်ငံသာသနာပိုင် အက်ဥပဒေ အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)၊ အမြဲတမ်းအတွင်းဝန် အောင်ကျော်သူ ဆိုသည့် အမည်ဖြင့် ထုတ်ပြန်ထားသည်။

လမ်းဘေးက ဗေဒင်ဟောပြောသူကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် သတင်းအချက်အလက် အမှန်များ ရရှိမှု အားနည်းလာပြီး သတင်းအမှား- သတင်းအတု ယောင်များက လွှမ်းမိုးထားကြောင်း၊ သတင်းအချက်အလက် အမှန်-အမှားကို အောက်ခြေလူတန်းစားမှသည် ပညာရှင်လူတန်းစားအထိ အချက်အလက် စိစစ်မှုမလုပ်တော့ဘဲ ယုံချင်ပါက ယုံလိုက်ပြီး ၎င်းတို့ မယုံချင်ပါက အမှန်ဖြစ်သည့်တိုင် လက်မခံနိုင်ဘဲ ဖြစ်နေကြောင်း နိုင်ငံရေးသမားတချို့က ထောက်ပြသည်။