CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁
ကရင်အမျိုးသားအစည်းအရုံး(KNU)က ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးစနစ်များ တိုးချဲ့ဆောင်ရွက် သွား မည်ဖြစ်ကြောင်း KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက CNI သတင်းဌာနသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ နစက လက်အောက်တွင် တာဝန် ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းအားလုံး လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန် KNU တပ်မဟာ ၅ က ထုတ်ပြန်ထားသည်။
ထို့နောက် ဖာပွန်မြို့အတွင်းရှိ ဝန်ထမ်းအားလုံးအား မိမိနေထိုင်ရာဒေသသို့ အတားဆီးမဲ့ ရေလမ်းခရီးဖြင့် ဖာပွန်မြို့မှ သတ် မှတ်ထားသည့် နေ့ရက်အတွင်း ထွက်ခွာကြရန်နှင့် နစက လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန်၊ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “ကျနော်တို့ အဲဒီနယ်မြေဟာ KNU ရဲ့ အုပ်ချုပ်နယ်မြေဖြစ်တယ်၊ ၁၉၄၉ မတိုင်မီ ကတည်းကတောင်မှ အုပ်ချုပ်နယ်မြေဖြစ်ထားတဲ့ နေရာတွေ ဖြစ်တယ်ပေါ့။ ကျနော်တို့ ဒီနယ်မြေ ဒီဒေသကို အခု လက်ရှိလည်းပဲ KNU အနေနဲ့ မူတြော်ခရိုင်ထဲမှာ မြို့နယ် သုံးမြို့နယ်လုံးက ကျနော်တို့ရဲ့ KNU ရဲ့ မြို့နယ် အုပ်ချုပ်ရေးစနစ်နဲ့ ဌာနကြီး ၁၄ ခုကနေပြီးတော့မှ အုပ်ချုပ်ရေး အစီအမံတွေကို ဆောင်ရွက်ခဲ့တာလည်း ကြာပြီဖြစ်တယ်။ ဒါကြောင့်မို့ ဒီနေရာ ကို ပြန်ကိုင်ပြီးတော့မှ အုပ်ချုပ်ရေးကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက်က ကျနော်တို့ ဒီဘက်လက်ရှိရှိနေတဲ့ SAC စစ်ကောင်စီ ရဲ့ ဝန်ထမ်းတွေ ပြန်လည် နှုတ်ထွက်ဖို့အတွက် ဒီသဘောထားကို သူတို့အတွက် ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်”ဟု CNI သို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ထားမှုအပေါ် လိုက်နာဆောင်ရွက်မှု မရှိပါကလည်း အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုထုတ်ပြန်ချက်သည် KNU တပ်မဟာအားလုံး၏ သဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။
KNU တပ်မဟာ ၅ တပ်ဖွဲ့ကိုတွေ့ရစဉ်(AFP)
ပဒိုမန်းမန်းက “ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အုပ်ချုပ်ရေးစနစ် အောက်မှာကတော့ တစ်ပုံစံတည်းဖြစ်ပါ တယ်။ ဒါပေမယ့် တချို့သော နေရာတွေမှာတော့ အရင်မြန်မာအစိုးရ ခေတ်တွေကတော့ miss-control areas တွေရှိတယ် ပေါ့နော်၊ တချို့နေရာတွေကတော့ Totally- KNU ထိန်းချုပ် areas(နယ်မြေ)တွေ ဖြစ်တယ်ပေါ့။ ဒါပေမယ့် ကနေ့ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ miss-control areas တွေကိုလည်း တတ်နိုင်သမျှ Totally , KNU ထိန်းချုပ် areas (နယ်မြေ)ထဲကို ရောက်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တချို့နေရာတွေမှာလည်း စာ မထုတ်ပြန်တာပေါ့နော်။ ကျနော်တို့ ဒီသဘောထားက တစ်ခုတည်းလို့ ပြောရမှာဖြစ်ပါတယ်”ဟု ပြောသည်။
KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်သွားလိုသူများထက် သဘောထား တင်းမာသူ ပိုများလာသည်ဟု သုံးသပ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
ဦးသိန်းထွန်းဦးက “ဘယ်လိုရည်ရွယ်ချက်နဲ့ သူတို့ထုတ်တယ်ဆိုတာတော့ သိပ်တော့ အတိအကျတော့ ပြောလို့မရဘူး။ ဒါပေမယ့် သူတို့ ထုတ်ပြန်လိုက်တဲ့ ရည်ရွက်ချက်ကတော့ ရှင်းပါတယ်။ အထူးသဖြင့် KNU နယ်မြေအတွင်းမှာ အချို့အဖွဲ့ တွေနဲ့ ထိတွေ့မှုတွေကို အာရုံပြောင်းချင်တာကတော့ နံပါတ် ၁ အရေးကြီးဆုံးအချက်လို့ ကျနော်တို့တော့ မြင်တယ်။ နောက် တစ်ချက်ကတော့ NCA ထိုးထားပြီးသားပေမယ့် NCA နဲ့ ပတ်သက်တာတွေကို သူတို့ လိုက်မလုပ်ခဲ့ဘူး။ ဆိုလိုတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သူတို့ထဲမှာ သဘောထား ပျော့ပြောင်းသူတွေပေါ့နော်၊ ငြိမ်းချမ်းရေးအတွက် ဆက်သွား မယ်ဆိုတဲ့သူတွေ သိပ်အသံမထွက်နိုင်တော့ဘူးလား၊ သဘောထားတင်းမာသူတွေ များလာပြီလား။ ဒီနှစ်ချက်ကတော့ ကျနော်တို့ အဓိက သုံးသပ်ထားတယ်”ဟု ပြောသည်။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက်ကိုင် ဖြစ်သည်။ လက်ရှိတွင်လည်း KNU ၏ စစ်ရေးလက်အောက်ခံ KNLA တပ်ဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။