CNI Sport News
လစ္စဘွန်း၊ ဇန်နဝါရီ ၃၁
ပေါ်တူဂီနိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်၌ ကျင်းပပြီးစီးခဲ့သော တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ၌ ဆိုရှယ်လစ် ပါတီက အနိုင်ရရှိခဲ့ကြောင်း အေပီသတင်းက ဖော်ပြထား သည်။
အိုမိုက်ခရွန်မျိုးကွဲ ပျံ့နှံ့နေချိန်၌ ရောဂါကူးစက်ခံထားရသော မဲဆန္ဒရှင် ၁ သန်းခန့်ကို ၎င်းတို့၏ မဲတစ်ပြားအတွက် နေအိမ် ပြင်ပသို့ ထွက်ခွာခွင့်ပြုခဲ့သည်။ ထို့နောက် စုစုပေါင်း အမတ်နေရာ ၂၃၀ ရှိသော လွှတ်တော်အတွင်း အနည်းဆုံး အမတ် ၁၁၂ နေရာကို ဆိုရှယ်လစ်ပါတီက အောင်ပွဲခံသွားခဲ့သည်။
စုစုပေါင်း မဲအရေအတွက် ၉၈ ဒသမ ၇ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးခဲ့ရာ ဆိုရှယ်လစ်ပါတီက ၄၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်းပါတီ ၏ အဓိကပြိုင်ဘက် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ၂၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ထို့ကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အတွင်း အနည်းဆုံးအမတ် ၆၈ နေရာ ရရှိသွားပြီဖြစ်သည်။
ပေါ်တူဂီနိုင်ငံ ရွေးကောက်ပွဲမဲထည့်နေစဉ်(AP)
ကျန်ရှိသည့် အမတ် ၁၈ နေရာကိုတော့ ဆက်လက် ခွဲဝေရဦးမည် ဖြစ်သည်။ နောက်ကျမှ ရောက်ရှိလာသည့် မဲရလဒ်စာရင်း များကို ဇန်နဝါရီ ၃၁ ရက် (ယနေ့) ဆက်လက်ပေါ်ထွက်ရမည်ဟု မျှော်လင့်ရသည်။
ဆိုရှယ်လစ်ခေါင်းဆောင် အန်တိုနီယိုကော်စတာသည် ၎င်း၏ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူရန် အလားအလာ ကောင်း နေပြီး ပြိုင်ဘက်များနှင့် စေ့စပ်ညှိနှိုင်းရေး သံလွင်ခက်ကို ချက်ချင်း ကမ်းလှမ်းလာခဲ့သည်။ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာ သော နိုင်ငံ့စီးပွားရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် လွှတ်တော်ရှိ အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန် တိုက်တွန်းသွား မည်ဟု ၎င်းက ပြောကြားခဲ့သည်။
“လတ်တလောတာဝန်ကတော့ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ကဏ္ဍတွေကို ပြန်လည်မျက်နှာမူဖို့ပါပဲ” ဟု ကော်စတာက ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ကိုတွေ့ရစဉ်(AP)
လာမည့် အစိုးရသစ်အတွက် စိန်ခေါ်မှုကို ကြီးကြီးမားမားရှိနေပြီး လူဦးရေ ၁၀ ဒသမ ၃ သန်းနှင့် အနောက်ဥရောပ၌ အဆင်း ရဲ ဆုံးဖြစ်သည့် ပေါ်တူဂီအတွက် ကပ်ရောဂါမှ နာလန်ထူရန် EU အကူအညီ ယူရို ၄၅ ဘီလီယံ (ဒေါ်လာ ဘီလီယံ ၅၀)ကို စတင်သုံးစွဲရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
အဆိုပါ ထောက်ပံ့ကူညီငွေ၏ သုံးပုံနှစ်ပုံကို လာမည့်အစိုးရသစ်အတွက် ဘဏ္ဍာရေးဆိုင်ရာ အပိုဆောင်းပေးခြင်းအဖြစ် စီမံ၍ အဓိကျသည့် အခြေခံအဆောက်အုံများ၊ အများပြည်သူဆိုင်ရာ စီမံကိန်းများအတွက် ရည်ရွယ်ထားသည်။ တတိယ ဦးစားပေး အနေဖြင့် EU အကူအညီကို ပုဂ္ဂလိက ကုမ္ပဏီများအတွက် ပံ့ပိုးမည်ဟုဆိုသည်။
Source: AP