CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁
 
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လတိုးမြှင့်သွားရန် နစက ဥက္ကဋ္ဌက တင်ပြခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့သည်။
 
ယနေ့(ဇန်နဝါရီ ၃၁ ရက်) နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ယာယီ သမ္မတဦးမြင့်ဆွေ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ အပါ အဝင် တာဝန်ရှိသူ များ တက်ရောက်၍ဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။
 
မိမိတို့အနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်ရယူထား ချိန်တွင် တာဝန်များအား စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပနှောင့်ယှက် ဟန့်တားမှုများရှိ ခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံသုံးသပ်ကြည့်လျှင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
 
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ကာ/လုံ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
 
၎င်းက “လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ရန် အတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေပါသေးကြောင်း၊ အစီရင်ခံတင်ပြခဲ့သည့် အခြေအနေများအရ ဖွဲ့စည်း ပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လတိုးမြှင့် သွားရန် လိုအပ်သည်ဟု တင်ပြ လို ပါကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံရေး နှင့်ငြိမ်းချမ်း ရေး ကိစ္စများကို အထူးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့ လိုလား ချက်ဖြစ်သည့် စစ်မှန် စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်ကို ပြန်လည် ရောက်ရှိလာမည်”ဟု ပြောသည်။
 
ထို့နောက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးကို အာမခံသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
 
၎င်းက “နိုင်ငံတော်အစိုးရအနေနှင့် တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုုး၊ ပြည်သူ့ အကျိုးကို အစွမ်းကုန် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါကြောင်း။ ကတိကဝတ်များ အတိုင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်နှင့်ပြည်သူလူထုတို့၏ ကောင်းသောအနာဂတ်ဖြစ်လာစေရေး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်”ဟု ပြောသည်။
 
လက်ရှိတွင် တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကိုအရေးပေါ် အခြေအနေ ၁ နှစ်ကြေညာကာ နစက အနေဖြင့် တာဝန်ယူလျက်ရှိနေသည်။
 
သို့သော်လည်း ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြှင့်ဖြစ်ပွားလျက်ရှိသလို တရားဥပဒေစိုးမိုးရေး အားနည်းနေခြင်းကြောင့် အရေးပေါ်ပြဋ္ဌာန်းချက် သက်တမ်းတိုးရန် ယနေ့(ဇန်နဝါရီ ၃၁ ရက်)ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးအတည်ပြု ခဲ့ကြသည်။