CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ရွေးကောက်ခံခေါင်းဆောင်များထံ ဒီမိုကရေစီနည်းကျကျ အာဏာပြန်လည်အပ်နှံရန် ဥရောပသမဂ္ဂမှ တောင်းဆို ပါကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)တွင် ဥရောပသမဂ္ဂက ထုတ်ပြန်ပြောကြားခဲ့သည်။
ယနေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အရေးပေါ် ကြေညာခဲ့သည်မှာ တစ်နှစ်ပြည့်ဖြစ်သည်။
ဥရောပသမဂ္ဂက “အာဏာသိမ်းပြီးနောက် အတင်းအဓမ္မ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် ရွေးကောက်ခံခေါင်းဆောင်များထံ ဒီမိုကရေစီနည်းကျကျ အာဏာပြန်လည်အပ်နှံ ရန် ဥရောပသမဂ္ဂက အခိုင်အမာ ရပ်တည်တောင်းဆိုခဲ့ကြောင်းလည်း ထပ်မံ၍အသိပေးတောင်းဆိုလိုက်သည်”ဟု ထုတ် ပြန်ချက်မှာ ပြောထားသည်။
ထို့နောက် အထူးဦးစားပေးရမည့် ကိစ္စရပ်တစ်ခုအနေဖြင့် စစ်ပြုမှုအားလုံးနှင့် မတန်တဆ စစ်အင်အားသုံးခြင်း၊ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခြင်းတို့ကို ချက်ချင်းရပ်စဲရန် တောင်းဆိုချက်ကို ဥပရောသမဂ္ဂက ထပ်လောင်းအသိပေး တောင်းဆိုသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
နစကသည် ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့ပြီး အရေးပေါ် ကြေညာချက် နောက်ထပ် ၆ လသက်တမ်းတိုးရန် သဘောတူခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့အနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ အခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန် ရယူထားချိန်တွင် တာဝန်များအား စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော် လည်း ပြည်တွင်း/ပြည်ပနှောင့်ယှက် ဟန့်တားမှုများရှိ ခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံသုံးသပ် ကြည့်လျှင် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လိုလားချက် သည် ဒီမိုကရေစီထက် မြန်မာနိုင်ငံအလုံးစုံ ပျက်သုဉ်းရေးကိုသာ ဦးတည်နေတယ်”ဟု ကာ/လုံ အစည်းအဝေးမှာ ပြော ကြားခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးက သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးကြရန်၊ သွေးထွက်သံယိုမှုများ ရပ်တန့်ရန်၊ လူသားချင်း စာနာ ထောက်ထာမှု အကူအညီများပေးအပ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ ဖမ်းဆီးထားသူများ ပြန်လည်လွှတ် ပေးရန် စသည့် ဘုံသဘောတူညီချက် (၅)ချက်ကို သဘောတူညီခဲ့ကြသည်။
ဥရောပသမဂ္ဂက “ဤနိုင်ငံရေးအကျပ်အတည်းနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းအား ရှာဖွေရန် အာဆီယံ၏ ကြိုးပမ်း အားထုတ်မှုအပေါ် ဥရောပသမဂ္ဂက အခိုင်အမာ အားပေးထောက်ခံခဲ့သည့်အတိုင်း ဆက်လက်၍ ထောက်ခံ လျက်ရှိသကဲ့ သို့ ၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်နေ့တွင်ချမှတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်၊ အထူးသဖြင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် အင်အားစုများဖြစ်ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)နှင့် လူမျိုးစုအဖွဲ့များ အားလုံး အကျုံးဝင်ပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုပြုရန် အချက်ကို မဆိုင်းမတွ သဘောရိုးဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်းကို ထောက်ပြလိုက် သည်”ဟု ပြောသည်။
ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်ကို ပါဝင်ပတ်သက်သူများအားလုံးနှင့် တွေ့ဆုံမှုပြုနိုင်ရန်အတွက် ခွင့်ပြုချက်ပေး ရန် တောင်းဆိုပါသည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်ချက်ခဲ့သည်။