CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁


နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် ဒီမိုကရေစီအင်အားစုများ၏ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ရက်မှာ တစ်ဖက်တွင်လည်း တပ်မတော်ထောက်ခံပွဲ ပြုလုပ်မှုများလည်း ရှိနေသည်။


တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပ၍ နောက်ထပ် အရေးပေါ် အခြေအနေကို ၆ လသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြသည်။


ထို့ကြောင့် ဒီမိုကရေစီအင်အားစုက နစက၏ အုပ်ချုပ်ရေးကို လက်မခံသည့် သဘောပြသည့်အနေဖြင့် အသံတိတ်သပိတ် ဟုခေါ်သော အိမ်ထဲမှာနေ အပြင်မထွက်ခြင်းနှင့် ဈေးဆိုင်များပိတ်ခြင်းတို့ကို ဆောင်ရွက်ရန် နှိုးဆော်ထားသည်။


အဆိုပါ အခြေအနေများနှင့်အပြိုင် တပ်မတော်ထောက်ခံသူများကလည်း ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် နေပြည်တော် ကောင်စီနယ်မြေမှာ အင်အားအများအပြားဖြင့် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။