၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇
နစက အနေဖြင့် အာဆီယံက တောင်းဆိုထားသည့် ဘုံသဘောတူညီချက်များ လိုက်နာ၍ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက CNI သတင်း ဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သော အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် သွေးထွက်သံယိုမှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန်၊ ဖမ်းဆီးခံရသူများပြန်လွတ်ပေးရန်၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကိုခန့်အပ် အသိအမှတ်ပြုရန် စသည့် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။
ဦးခိုင်ပြည်စိုးက “ကျနော်တို့ မြင်တဲ့ဟာက မြန်မာနိုင်ငံအစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြောတာဆိုတာတွေကို အလေးထားမှု အားနည်းတယ်လို့ ကျနော်တို့ မြင်ပါတယ်၊ နောက်တစ်ချက်က ဒီနေ့ ကမ္ဘာကြီးက အကုန်လုံး မြင်တဲ့အတိုင်းပဲ တစ်ဦးတစ်ယောက်တည်း နေလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူးလေ။ အထူးသဖြင့်တော့ အိမ်နီးနားချင်း ဆိုတဲ့အရာ သိပ် အရေးကြီးတယ် သူတို့ကတော့ ရုရှားတို့ ဘာတို့နဲ့ ကူးလူးဆက်ဆံမှုတွေရှိတယ်ဆိုတဲ့ အပိုင်းတွေ ကျနော်တို့က မြင်တယ်။ ဒါပေမယ့် အာဆီယံဆိုတာ ကိုယ်တို့နဲ့ ဘာပဲဖြစ်ဖြစ် နီးနီးကပ်ကပ် သဟဇာတဖြစ်ဖြစ် လုပ်ဆောင်လို့ရတဲ့ အဖွဲ့အစည်းလေ။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် သီးသန့်နေဖို့ဟာထက် အိမ်နီးနားချင်းတွေ၊ ဘာပဲဖြစ်ဖြစ် သဟဇာတဖြစ်တဲ့ အုပ်စုတွေနဲ့ နိုင်ငံ ရေးကို တရားသေ ဆုပ်ကိုင်တာမျိုး မဟုတ်ဘဲနဲ့ ပျော့ပျော့ပြောင်းပြောင်း ငြင်ငြင်သာသာနဲ့ သွားမဲ့ လမ်းကြောင်းကိုပဲ ကျနော် တို့က သွားသင့်တယ်လို့ပဲ ကျနော်တို့မြင်တယ်”ဟု CNI သို့ပြောသည်။
အာဆီယံ ဘုံသဘောတူညီချက်နှင့်ပတ်သပ်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်နှင့် နစကကြား ဆွေးနွေးမှုများရှိနေကြောင်း၊ သဘောတူ ညီချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း AHA Center (ASEAN Humanitarian Assistance)နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသည်ကိုတွေ့ရကြောင်း သေနင်္ဂ မဟာဗျူဟာ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။
၎င်းက “ ဒီအာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာနဲ့ ပူးပေါင်ဆောင်ရွက်မှုတွေ ရှေ့ဆက်ဖို့ရှိတယ်။ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ လာဖို့ဆိုတာကလည်း သက်ဆိုင်တဲ့ အချိန်ကာလတစ်ခုမှာ လာမယ်ဆိုတာမျိုးလည်း သဘောတူ မယ်ဆိုတာ ကျနော်တို့ လေ့လာမိပါတယ်။ ဒါတွေ ကြည့်လိုက်ခြင်းအားဖြင့် ဒီဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံက အကောင်အထည် ဖော်နေတယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ခင်ဗျ။ ဒီလို အကောင် အထည်ဖော်တဲ့ နေရာမှာလည်း ပြည်ပနိုင်ငံတွေက ဝင်ရောက်စွတ်ဖက်မှုမရှိတဲ့ အခြေအနေမျိုးကိုပဲ မြန်မာနိုင်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်မှုမရှိတဲ့ အခြေအနေမျိုးမှာပဲ သဘောတူညီမှုက ရလိမ့်မယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ အခြေအနေမှာ လက်ခံဖို့ မရှိဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးနေစဉ်။
ဇန်နဝါရီ ၂၆ ရက်နေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အာဆီ ယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်နိုင်ရေးအတွက် ပိုမိုကောင်းမွန်သော အခြေ အနေများ ဖန်တီးပေးရန်၊ မြန်မာနိုင်ငံ အကျပ်အတည်းတွင် ပါဝင်ပတ်သက်နေသည့် သက်ဆိုင်သူအားလုံးကို အကြမ်းဖက်မှု အဆုံး သတ်ရန် တောင်းဆိုခြင်း၊ အနာဂတ်တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာကြရန်၊ မြန်မာနိုင်ငံရှိ ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့အား ဝန်ကြီး ချုပ်ဟွန်ဆန်က တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံက သတင်းထုတ်ပြန်ခဲ့သည်။
အာဆီယံ၏ ကြားဝင်မှုအပေါ် လက်ခံသင့်ကြောင်း၊ ထွက်ပေါက်ပိတ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို အာဆီယံ၏ ကြားဝင်မှုဖြင့် ဖြေရှင်းနိုင်မည်ဟု ယူဆရကြောင်း ANP ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။
၎င်းက “အာဆီယံရဲ့ ကြားဝင်မှုဟာ သမာသမတ်ကျတဲ့ ကြားဝင်မှု ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ ဘာလို့ဆို အာဆီယံလည်း ရှင်းရှင်းပြောလို့ဆို ပထမ ၈၈ နောက်ပိုင်းမှာ ဦးသိန်းစိန် ဝန်ကြီး ချုပ်ကာလမှာလည်း အာဆီယံ ဝင်ခွင့်ပေးခဲ့ တယ်။ အာဆီယံကတော့ မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံးပေါ့။ အဲဒီတုန်းက ဝင်လာတဲ့ အာဆီယံဟာ အခုဆိုလို့ရှိရင် အာဆီယံနဲ့ တောင်မှ အဆင်မပြေဘူးဆိုတဲ့ အနေအထားတစ်ခုကို ရောက်လာတယ်။ ဆိုလိုတာက အာဆီယံက နိုင်ငံရေးနဲ့ပတ်သက်လို့ ဟိုတုန်းက ကျနော်တို့ ကြည့်လာတာ သိပ်ပြီးတော့ တင်းတင်းမာမာမရှိဘူး။ သူက ကြားနေသဘောလောက်ပဲ ဖြစ်တယ်။ အာဆီယံက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သူချည်းကပ်တဲ့ပုံစံမျိုးက အနောက်အုပ်စုတွေ အမေရိကန်တွေ ချည်းကပ် တာမျိုး မဟုတ်ဘဲနဲ့ အိမ်နီးနားချင်းပီပီ ချည်းကပ်တဲ့ဟာမျိုးကို ကျနော်တို့ကတော့ အပြုသဘောဆောင်ပြီးတော့ လက်ရှိ အိမ်စောင့်အစိုးရအနေနဲ့ လက်သင့်ခံသင့်တယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။ မဟုတ်ဘူးဆိုရင် မြန်မာ့နိုင်ငံရေးက ထွက် ပေါက်ပိတ်သွားပြီ”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းများ အဆမတန်တက်နေသလို ပြဿနာပေါင်း မြောက်များစွာလည်း ရင်ဆိုင်နေရ ကြောင်း၊ ထိုအခြေအနေကို အာဏာရသည့် လူတစ်စု အသက်ရှူချောင်ပြီး တခြားသူများ မည်သို့ဖြစ်နေပါစေ အတွေးမျိုးဖြစ် မသွားသင့်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အလေးထား၍ ပျော့ပြောင်း ငြင်သာစွာဖြင့် အာဆီယံ လမ်းကြောင်းအတိုင်း သွားသင့်သည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ အာဆီယံ အထူး ကိုယ်စားလှယ် လာရောက်ခွင့်ပြုရေး၊ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကြေညာရန်၊ နိုင်ငံအတွင်း လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးရေး စသည့်အချက်များအပေါ် ဆွေးနွေး တောင်းဆိုခဲ့သည်။