ကဘူးလ်၊ ဇန်နဝါရီ ၂၇

အမျိုးသမီးများ တကိုယ်လုံးဖုံးလွှမ်းစေသည့် ဘူရ်ခါ (သို့မဟုတ်) ဟီဂျက်ဝတ်ဆင်ကြရန် တိုက်တွန်းလှုံ့ဆော်သည့် တာလီဘန်တို့၏ ပိုစတာလှုပ်ရှားမှုကို မြို့တော်ကဘူးလ်ရှိ အာဖဂန်အမျိုးသမီးအများအပြားက ဆန့်ကျင်ကန့်ကွက်၍ ဆန္ဒပြခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အာဖဂန်ကိုယ်ကျင့်တရား မြှင့်တင်ရေးနှင့် တားဆီးကာကွယ်ရေးဝန်ကြီးဌာနက ယခုလ အစောပိုင်းတွင် ကဘူးလ်ရှိ ကော်ဖီ ဆိုင်များ၊ ဈေးဆိုင်များ၌ အမျိုးသမီးများ မျက်နှာအပြည့်ဖုံးအုပ်ပြီး တကိုယ်လုံးဖုံးလွှမ်းစေသည့် ဝတ်စုံ ဝတ်ကြရန် အားပေး တိုက်တွန်းထားသည့် ပိုစတာများကို လိုက်လံကပ်ထားခဲ့သည်။ သို့သော် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ တရားဝင် ညွှန် ကြားချက် ထုတ်ပြန်ထားခြင်း မရှိပေ။

အဆိုပါ ပိုစတာများတွင် “ရှီယိုက်ဥပဒေအရ မွတ်ဆလင် အမျိုးသမီးတစ်ဦးအနေဖြင့် ဟီဂျက်ဝတ်ဆင်ရမည်” ဟူသော စာသားကို အပြာရောင် ဘူရ်ခါဝတ် အမျိုးသမီးပုံများနှင့် အခြား အမည်းရောင် ဝတ်စုံပြည့် အမျိုးသမီးပုံများနှင့်အတူ ဖြန့်ဝေ ကပ်ထားခဲ့သည်။ ဟီဂျက်ဟူသော စကားလုံးကို ပုံတစ်ပုံချင်းစီတွင် မည်ကဲ့သို့ ပုံသဏ္ဌာန်ရှိရမည်ဟု ရှင်းလင်းချက်ကိုလည်း ပိုစတာထဲ ထည့်သွင်းရေးသားထားသည်။

အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုအပေါ် ကန့်သတ်ကြောင်း တာလီဘန်တို့ရဲ့ ကြေညာချက်ကပ်ထားခြင်း။(AFP)

ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင် အမျိုးသမီးများသည် ၎င်းတို့ ယုံကြည်မှုနှင့် ယဉ်ကျေးမှု သရုပ်လက္ခဏာ အစိတ်အပိုင်း တစ်ခု အဖြစ် စတိုင်အမျိုးမျိုးရှိသည့် ခေါင်းစွပ်ဝတ်စုံများကို ရွေးချယ်ကြလေ့ရှိသည်။

အာဖဂန် အမျိုးသမီးများအတွက် ဘူရ်ခါကို အပြာ၊ အဖြူနှင့် မီးခိုးရောင်တို့ဖြင့် ရောင်းချလေ့ရှိသော်လည်း အနက်ရောင် ဝတ်စုံများမှာ နိုင်ငံတစ်ဝန်းကို အတွေ့ရနည်းသည်။

ယမန်နှစ်တွင် အာဏာပြန်ရလာခဲ့သည့် တာလီဘန်တို့သည် ၎င်းတို့ လိုလားသော ဝတ်စားဆင်ယင်မှုမှာ မဖြစ်မနေ လိုအပ် ကြောင်း ရှင်းလင်း ပြောကြားခဲ့သော်လည်း အာဖဂန်အမျိုးသမီးများကတော့ မိမိတို့ အစ္စလာမ်ဘာသာရေးအရ မိမိတို့ ခန္ဓာကိုယ်ကို လိုအပ်သလို ဖုံးအုပ်ထားနိုင်ကြောင်း အခိုင်အမာ တုံ့ပြန်ခဲ့ကြသည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန်တို့ နောက်ဆုံး အာဏာရချိန်အတွင်း ဘူရ်ခါဝတ်ဆင်မှုကို တင်းကျပ်စွာ ကျင့်သုံး ခဲ့သည်။

မျက်မှောက်ကာလတွင် ကဘူးလ်မြို့လယ်ရှိ လမ်းများတွင် ဝတ်စုံအမျိုးမျိုးဖြင့် သွားလာနေသည့် အမျိုးသမီးများကို တွေ့ရ သည်။ အချို့က ၎င်းတို့မျက်နှာကို ဖုံးအုပ်ထားသော ဘူရ်ခါ ဝတ်ဆင်ထားသော်လည်း အချို့ကတော့ ခေါင်းစပ်များကို ရိုးရာ နှင့် အနောက်တိုင်းဖက်ရှင် ရောနှောထားသည့် အထည်ဒီဇိုင်းများကို ဝတ်ဆင်ကြသည်။

Source: Aljazeera