၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အသံတိတ်သပိတ် ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေပြီး တစ်ဖက်မှာလည်း နစက-က အသံတိတ်သပိတ်တွင် ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဆိုင်ရှင်များအကြားတွင် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဆိုင်ခန်းဖွင့်ရေး မဖွင့်ရေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “မနေ့ကဆိုရင် လှည်းတန်းနားက ဆိုင်တွေအကုန်လုံး ဓါတ်ပုံလာရိုက်သွားတယ်လေ၊ ရိုက်သွားတော့ အန်တီတို့ ဆိုင်ရှင်တွေ အနေနဲ့ကတော့ ဖွင့်ရတာလဲ ခက်ခဲ၊ မဖွင့်ရင်လည်း  မဖွင့်ရင်လည်း ဆိုင်တွေကို ပိတ်မယ်ဆိုတဲ့ ပုံစံမျိုး လုပ်နေတယ်လေ၊ အန်တီတို့က ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ့်ပြည်သူလူထုကလည်းရှိတယ်၊ ကိုယ့်စားဝတ်နေရေးလည်း ရှိတယ်”ဟု CNI သို့ ပြောသည်။

တပ်မ‌တော်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နှစ်ပြည့်မှာ ဆန့်ကျင်ဆန္ဒပြသည့် အနေ ဖြင့်  အသံတိတ်သပိတ် ပြုလုပ်ရန်၊ မွန်းလွဲပိုင်းတွင်လည်း အသံတိတ်သပိတ် အောင်မြင်သည့်အနေဖြင့် လက်ခုပ်တီးသပိတ် ဆင်နွှဲရန် ဒီမိုကရေစီအရေး အင်အားစုများက တိုက်တွန်းထားသည်။

နစက-က “အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်” ဟု ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင်း တစ်နေရာက ရှင်းလင်းနေသောမြင်ကွင်။း

ထို့အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့သည် တရုတ်နှစ်ဆန်း  ၁ ရက်နေ့ဖြစ်ပြီး ယင်းနေ့ကို တရုတ်လူမျိုးစုများ အနေဖြင့် ဆိုင်ခန်း များ ပိတ်ပြီး ဘုရားသွားခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်းများ ကျင်းပလေ့ရှိကြောင်း၊ ယခု အသံတိတ်သပိတ်နှင့် တိုက်ဆိုင် နေမှုကြောင့် အခက်အခဲနှင့် ကြုံတွေ့ရကြောင်း မြန်မာပြည်ဖွား တရုတ်လူမျိုး တစ်ဦးက ပြောသည်။

 

၎င်းက “ကျနော်တို့ အဲနေ့က နှစ်သစ်ကူး ရက်ကြီးဗျ၊ နှစ်သစ်ကူးရက်ဆိုတော့ ကျ‌နော်တို့က ပိတ်မပိတ်ဆိုတာတော့ ပြောလို့ မရသေးဘူး၊ ပိတ်ဖို့တော့ များတယ်ဗျ။ နှစ်သစ်ကူးရက် ကျနော်တို့ နှစ်ဆန်း တစ်ရက်လေ နှစ်သစ်ကူး။ ကျနော်တို့ကတော့ နှစ်သစ်ကူးတိုင်း ပိတ်နေတာပဲလေ၊ နှစ်သစ်ကူးတိုင်း ကျနော်တို့က တစ်ရက်ပိတ်တယ်”ဟု CNI သို့ပြောသည်။

လတ်တလောမှာတော့ အသံတိတ်သပိတ်တွင် ပါဝင်ကြသည့် ဆိုင်ပိုင်ရှင်များနှင့် သပိတ်တွင်ပါဝင်ရန် လှုံ့ဆော်သည့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူထားသည့် တစ်နှစ်ပြည့်နေ့တွင် တစ်နိုင်ငံလုံး အလုပ်မသွားခြင်း၊ ဆိုင်ခန်းများ မဖွင့် ခြင်း၊ လမ်းပေါ်တွင် လူမရှိခြင်း စသည့် ပြယုဂ်များဖြင့် အသံတိတ်သပိတ်ကို ပြုလုပ်ရန် စီစဥ်နေကြသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နှင့် ဒီဇင်ဘာလ ၁၀ ရက်တို့တုန်းကလည်း အသံတိတ်သပိတ် (Silent Strike)ကို ပြုလုပ်ခဲ့ကြသည်။