ဟာဆာကက်(ဆီးရီးယား)၊ ဇန်နဝါရီ ၂၇

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ ဂျီဟက်ဝါဒီ အိုင်အက်စ်တို့၏ ၆ ရက်ကြာ တိုက်ခိုက်ခံခဲ့ရသော အကျဉ်း ထောင်တစ်ခုကို ကာ့ဒ်တပ်ဖွဲ့များက ဇန်နဝါရီ ၂၆ ရက်တွင် အပြည့်အဝ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

လွန်ခဲ့သော ၃ နှစ်နီးပါးခန့်က ၎င်းတို့ဘာသာရေးခေါင်းဆောင် ‘ခါလီဖိတ်’ကို လက်လွတ်ဆုံးရှုံးရပြီးနောက် အစ္စလာမ္မစ်နိုင်ငံတော်(အိုင်အက်စ်)အုပ်စုမှ ဂျီဟက်ဝါဒီများသည် ထောင်ဖောက်ရန်နှင့် ထိပ် တိုက်ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သည့်အတောအတွင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့သည်။

အိုင်အိုက်စ်အကျဉ်းသား ၃၅၀၀ ခန့် ထိန်းသိမ်းထားသည့် ဂူဝါယန်အကျဉ်းထောင်သည် ဆီးရီးယားနိုင်ငံ၊ ဟာဆာ ကက်မြို့တွင် တည်ရှိပြီး ယင်းအကျဉ်းထောင်ကို ဂျီဟက်ဝါဒီ အိုင်အက်စ်တို့က အသေခံဗုံးခွဲသမားများ၊ ဖောက်ခွဲ ရေးပစ္စည်းတင်ဆောင်ထားသည့်မော်တော်ယာဉ်များသုံး၍ ဇန်နဝါရီ ၂၀ ရက်၌ စတင်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခြင်းမရှိဟု ကာ့ဒ်အာဏာပိုင်များက အခိုင်အမာပြောကြားခဲ့သော်လည်း လွတ်မြောက်သွားသူ အရေအတွက်မှာ သိသိသာသာ များပြားကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

“အကျဉ်းထောင်တစ်ခုလုံးကို ကျနော်တို့ ထိန်းချုပ်ထားပါတယ်။ ပြီးတော့ အကျဉ်းသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်” ဟု ကာ့ဒ်လူမျိုးများ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) မှ ထိပ်တန်း အရာရှိတစ်ဦးဖြစ်သူ နောင်ရပ်ဇ်အာမက်က ပြောကြားခဲ့သည်။

အဆိုပါနေရာကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာ အင်အား ၉,၀၀၀ ရှိသော ကာ့ဒ်တပ်ဖွဲ့တစ်ဖွဲ့က ဓားစာခံ များကို ရှင်းလင်းသည့်စစ်ဆင်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းစစ်ဆင်ရေး၌ ကာ့ဒ်အထူးတပ်ဖွဲ့များကို စစ်ကူပေးရန် အမေရိကန်နှင့်အခြားနိုင်ငံရေးတပ်ဖွဲ့များလည်း ရောက်ရှိလာခဲ့ပြီး အကျဉ်းထောင်အနီးတဝိုက်ရှိ ရပ်ကွက်များကို လုံခြုံရေးယူခဲ့ကြကာ အကျဉ်း ထောင်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် အိုင်အက်စ်အကျဉ်းသား ၁၀၀၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြကြောင်း SDF တပ်ဖွဲ့က ဇန်နဝါရီ ၂၆ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သော ဟာဆာကက်မြို့သည် စစ်ပွဲဇုန်အဖြစ် ၆ ရက်နီးပါးကြာ အသွင်ပြောင်းသွားခဲ့ပြီး ယခုအခါ တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့ပြီဟု ဆီးရီးယား သတင်း ရင်းမြစ်များကို ကိုးကားလျက် ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အတည်ပြု ခဲ့သည်။

အိုင်အက်စ်တို့၏ ယခုအင်အားပြထကြွမှုတွင် အိုင်အိုက်စ်တိုက်ခိုက်ရေးသမား ၁၀၀ ထက်မနည်း အကျဉ်း ထောင်အဆောက်အအုံအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြသဖြင့် ထောင်ဂဏန်းမျှရှိသည့် မြို့ခံပြည်သူများ နေအိမ်စွန့်ခွာ၍ တိမ်းရှောင်နေခဲ့ရသည်။

ရုန်းရင်းဆန်ခတ်များမှ လွတ်မြောက်လုံခြုံရာ ဗလီတစ်ခုတွင် ရာနှင့်ချီသော အမျိုးသမီးများနှင့်ကလေးသူငယ်များ ချမ်းအေးလှသည့်ဆောင်းရာသီ၌ ပြွတ်သိပ်ကျပ်တည်းစွာ ခိုလှုံခဲ့ကြသည်။

ဇန်နဝါရီ ၂၀ ရက်ကတည်းက ထောင်အတွင်းနှင့်အနီးတဝိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ အိုင်အက်စ်ဂျီဟက်ဝါဒီ ၁၂၄ ဦး၊ ကာ့ဒ်တိုက်ခိုက်ရေးသမား ၅၀ နှင့် အရပ်သား ၇ ဦးအပါအဝင် လူပေါင်း ၁၈၁ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

Source: AFP, Bangkok Post