ပြုံယမ်း၊ ဇန်နဝါရီ ၂၇

မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်အတွင်း ၆ ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုအဖြစ် သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံး ကျည်နှစ်စင်းကို ဇန်နဝါရီ ၂၇ ရက် (ယနေ့) တွင် ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားအပေါ် အမေရိကန်ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် မြောက်ကိုရီးယား၏ နျူကလီးယားကင်းစင်ရေးခြေလှမ်းများကို အလဲအလှယ်ပြုရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ စမ်းသပ် လုပ်ဆောင်မှုများသည် ဘိုင်ဒင်အစိုးရအပေါ် ဖိအားပေးရန် ဦးတည်လာကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ကြသည်။

ကပ်ရောဂါ၊ နျူကလီးယားအစီအစဉ်အပေါ် အမေရိကန်ဦးဆောင်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဆယ်စုနှစ်များစွာ အစိုးရ၏စီမံခန့်ခွဲမှုအမှားများကြောင့် မြောက်ကိုရီးယား၏စီးပွားရေး ပိုမိုလှုပ်ခတ်လာချိန်တွင် ဖိအားများလည်း အသစ်တဖန် တိုးလာခဲ့သည်။

တာတိုပစ်ဟု ယူဆရသော ယခုလက်နက်စမ်းသပ်မှု၌ ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းရှိ ဟမ်ဟောင်ကမ်းခြေမြို့မှ ၅ မိနစ်ကြာအောင် အမြင့်ဆုံးမြန်နှုန်း ကီလိုမီတာ ၂၀ (၁၂ဒသမ၄မိုင်) ဖြင့် ပင်လယ်ထဲသို့ စိုက်ဆင်းမသွားမီ ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်) အကွာအထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား၏ ထပ်တလဲလဲ ဒုံးကျည်ပစ်ခတ်မှုများမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဂျပန် ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက ပြောကြားခဲ့သော်လည်း ဂျပန်ကမ်းရိုးတန်းတဝိုက်ရှိ သင်္ဘောနှင့်လေယာဉ်များ ထိခိုက်ပျက်စီးမှုသတင်း မကြားရသေးကြောင်း အေပီက ဆက်လက်ရေးသားခဲ့သည်။

တောင်ကိုရီးယားလုံခြုံရေးနှင့်စစ်ဘက်ဆိုင်ရာအကြီးတန်းအရာရှိများသည် အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်ဆက်တိုက်ပစ်လွှတ်များအပေါ် စိတ်မချမ်း မမြေ့ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် ပြုံယမ်းကို တိုက်တွန်းခဲ့ကြောင်း ဆိုးလ်မြို့ရှိ သမ္မတရုံးက ပြောကြားခဲ့သည်။  

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်သီတင်းပတ်က အမေရိကတိုက်သို့ပစ်မှတ်ထား၍ နျူကလီးယားဖောက်ခွဲရေးနှင့် တာဝေးပစ်ဒုံးကျည်များ ပြန်လည်စတင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်နှင့် သံတမန်ဆက်ဆံရေး အစပျိုးမှုကိုလည်း ၂၀၁၈ ခုနှစ်တွင် ကင်မ်ဂျုံအန်းက ရပ်တန့်ခဲ့သည်။

၎င်း၏နျူကလီးယားစွမ်းရည်ကို တစိတ်တပိုင်းလက်နက်ချသည့်အနေဖြင့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေး ယူမှုများ ဖြေလျော့ပေးရန် အပေးအယူလုပ်သည့် တောင်းဆိုချက်များကို အမေရိကန်က ပယ်ချပြီးနောက် ယခင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့၏ တွေ့ဆုံမှုများမှာ လမ်းချော်သွားခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်၌ တရုတ်တွင် စတင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲပြီးဆုံးသည့်အခါ မြောက်ကိုရီးယား သည် လက်နက်ထုတ်ဖော်ပြသမှုများ သိသိသာသာ အရှိန်မြှင့်လာနိုင်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ် ကြသည်။ တရုတ်သည် မြောက်ကိုရီးယား၏အဓိကမဟာမိတ်နှင့်စီးပွားရေးအသက်သွေးကြောဖြစ်သည်။

Source: AP