CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်(NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဟံသာမြင့်ကို ဇန်နဝါရီ ၂၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဦးဟံသာမြင့်နှင့်နီးစပ်သူ ရှေ့နေတစ်ဦးက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
ဦးဟံသာမြင့်နှင့်နီးစပ်သူ ရှေ့နေတစ်ဦးက “လွှတ်လိုက်တယ်လို့ပဲ လှမ်းအကြောင်းကြားတယ်။ လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုခု ပေါ့၊ တစ်ဦးချင်းပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့၊ သူတစ်ဦးတည်း ကွက်ပြီးတော့ လွတ်လာတဲ့ သဘောပေါ့၊ ဘာကြောင့်လဲ ဆိုတာတော့ သေချာ အတိအကျ မသိသေးဘူး။ အယူခံတင်ဖို့ လုပ်ထားသေးတာ အခုက လွတ်သွားပြီပေါ့”ဟု CNI သို့ ပြော သည်။
ဦးဟံသာမြင့်ကို လွှတ်ပေးလိုက်သည့် အကြောင်းအရင်းအား သေချာမသိသေးကြောင်း တစ်ဦးချင်း လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာခြင်းဖြစ်သည်ဟု သုံးသပ်ရကြောင်း ၎င်းက ပြောသည်။
ဦးဟံသာမြင့်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က NLD အစိုးရဖြုတ်ချခံခဲ့ရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ပုဒ်မ ၅၀၅(ခ)ဖြင့် အင်းစိန်ထောင် အထူးတရားရုံးက၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ် ၂ နှစ် ကျခံစေ ရန် အမိန့်ချခဲ့သည်။