CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

နိုင်ငံတော်အာဏာကို ချက်ချင်းစွန့်လွတ်ပြီး မူလပိုင်ရှင်ဖြစ်သည့် ပြည်သူများထံ အမြန်ဆုံး ပြည်လည်လွှဲအပ်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၇) တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ ပြည်သူ့ညီလာခံ ဖွင့်ပွဲအခမ်း အနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “မိမိတို့နှင့် အလျဥ်းသက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတော်အာဏာကို ချက်ချင်းစွန့်လွှတ်ပြီး အချုပ် အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူထံ အမြန်ဆုံး ပြန်လည် လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖြိုချမှုကို ဆက်လက်ရင်ဆိုင်နေရမှာဖြစ်ကြောင်း သတိပေးလိုပါတယ်”ဟု ပြောသည်။

ထို့နောက် နစကမှ ဖမ်းဆီးထားသည့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး အကျဉ်းချခံထားရသော  ပြည်သူ ၁၀၀၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

NUCC အဖွဲ့ဝင်များကိုတွေ့ရစဉ်

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်မှ အာဏာရယူမှု တစ်နှစ်ပြည့်မည်ဖြစ်ကြောင်း၊ လူငယ်နှင့် ပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုသည့်စိတ်အား နှိပ်ကွက်ချိုးဖျက်နိုင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

၎င်းက “လာမယ့်ရက် အနည်းငယ်အတွင်း စစ်အာဏာသိမ်းမှုကာလ (၁၂) လပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီ(၁၂) လ တာ ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်ကြတဲ့ လူငယ်တွေနှင့် ပြည်သူတွေကို သာလွန်အင်အားတွေနဲ့ အကြမ်းဖက်နှိမ်နင်းပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားသွားစေဖို့ ကြိုး စားခဲ့ပါတယ်။ သို့ပေမယ့် လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လွတ်မြောက်လိုစိတ်တို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှု တို့ ကို ဘယ်လိုမှ နှိပ်ကွပ်ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ယခုအခါ စစ်ကောင်စီအနေနဲ့ မျက်ဝါးထင်ထင် သိမြင်ကြုံတွေ့နေရ ပြီ ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်မ‌တော်အနေဖြင့် ပြည်နယ်နှင့် ပြည်မ နေရာအသီးသီးတွင် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်တန့် ရန် လိုအပ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် NUCC က ကျင်းပသည့် ပြည်သူ့ညီလာခံကို NUG ယာယီသမ္မတ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ သပိတ်ကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။