CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးမှာ ဆိုက်ဘာလုံခြုံရေးသည် အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ဆိုက်ဘာလုံခြုံရေးကို ပိုမိုအားကောင်းလာစေရန် တိုးမြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၂၇ ရက်က မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် နစကဥက္ကဋ္ဌမှ ပေးပို့သည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးအရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး မိမိတို့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ လက်ရှိ ဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက် နေမှုများကို ပိုမိုအားကောင်းလာစေဖို့အတွက် တိုးှင့်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကြောင့် တိုးတက်မှုများ ရရှိထားပြီးဖြစ်ကြောင်း၊ တိုးတက်မှုအပေါ် ဆက်လက်ထိန်းသိမ်း အကောင်အထည် ဖော်ကြစေလိုကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဆိုက်ဘာလုံခြုံရေးဥပဒေဆိုသည့် မူကြမ်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်းမူကြမ်းတွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိပဲ VPN နည်းပညာနှင့် အလားတူ နည်းပညာအသုံးပြုပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြ ထားသည်။

အင်တာနက်သုံးနေခြင်း။

“မည်သူမဆို ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရယူ၍ ဝန်ဆောင်ပေးသည့် ကွန်ရက်ပေါ်တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ VPN နည်းပညာ သို့မဟုတ် အလားတူ နည်းပညာအသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ အဆိုပါ ကွန်ရက်ကို ဝင်ရောက် ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု အဆိုပါ ဉပဒေမူကြမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် VPN အသုံးပြုသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ VPN  အသုံးပြုခွင့် ပိတ်ပင် ပါက အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်း Facebook ကို အားထား၍ အလုပ်လုပ်နေသည့် လူငယ်တစ်ဦးက ပြောသည်။

၎င်းက “YouTube တို့၊ Telegram တို့၊ Viber တို့ အဲတာတို့ကတော့ သုံးမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာနေတာ Facebook  နဲ့ပဲ အလုပ်ဖြစ်တာကွာ၊ အလုပ်လုပ်တဲ့ လူတွေအတွက်က Facebook ပဲ အဆင်ပြေတယ်လေ။ အဲဒါဆိုတော့ Facebook  က သုံးရမှာပဲ။ အဲလိုမျိုးလုပ်ရင်လည်း သူတို့ ဖမ်းတဲ့အချိန်မှာ ပြန်ဖျက်လိုက်၊ ပြီးရင် Install လုပ်လိုက် အဲလိုတော့ သုံးရမှာပဲ” ဟု ပြောသည်။

နစကဥက္ကဋ္ဌက မိမိတို့ နိုင်ငံသားများအပေါ် ဆိုက်ဘာလိမ်လည်မှုနှင့် ဆိုက်ဘာ အနိုင်ကျင့်မှုများ အပါအဝင် ဆူပူမှုများ၏ အန္တရာယ်မှကာကွယ်ပေးနိုင်ရန် အာဆီယံအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆိုရှယ်မီဒီယာ ပလက် ဖောင်းနှင့် ဒီဂျစ်တယ် ပလက်ဖောင်း အမျိုးမျိုးမှ လုပ်ဆောင်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုရှိစေရေး ဆောင်ရွက် သွားရန် ဝန်ကြီးများကို တိုက်တွန်းရန်လိုအပ်ကြောင်း ပြောသည်။