CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇

နွေဦးတော်လှန်ရေး တိုက်ပွဲများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ  ပါဝင် တိုက်ခိုက်နေသည်ဟု ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

ABSDF တပ်ဖွဲ့များအနေနှင့် နိုင်ငံအနှံ့ ဖြန့်ခွဲထားသည့်အတွက် တိုက်ပွဲတွင် ပါဝင်နေသည့် ဒေသကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “ကျနော်တို့ ABSDF တပ်ဖွဲ့တွေက မြန်မာပြည်အနောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း စသည် အားဖြင့် ဖြန့်ခွဲတည်ရှိနေတာပေါ့နော်။ ဆိုတော့ ဘယ်အဖွဲ့က ဘယ်မှာပါနေလဲဆိုတာ အတိအကျမသိဘူး။ သို့ပေမယ့် ကျနော်တို့ရဲ့ အဖွဲ့အစည်း စတည်ထောင်ကတည်းက ရှိခဲ့တဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ် လွတ်မြောက်ရေး အောက်ကနေတော့ ပုံစံမျိုးစုံနဲ့ ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေပါတယ်။ တိုက်ပွဲကတော့ ကျနော်တို့ စိစစ်နေဆဲပါပဲ ဘယ်နေရာက ပါဝင်နေသလဲဆိုတာကတော့”ဟု CNI သို့ ပြောသည်။

ABSDF တပ်ဖွဲ့များကိုတွေ့ရစဉ်။(ABSDF)

ABSDF သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော်လည်း လက်ရှိတွင် NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းနေကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုများလည်း ရပ်တန့်ထားကြောင်း ၎င်းက ဆိုသည်။

ရဲဘော်ဆန်နီက “NCA ကတော့ စာချုပ်တစ်ခုပါ။ စာချုပ်က စာချုပ်အနေနဲ့ ဆက်လက်တည်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့အခုက NCA က အကောင်အထည်ဖော်လို့ မရဘူးလေ။ ဘာကြောင့်ဆို NCA အကောင်အထည်ဖော်တဲ့ နေရာမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAO အပါအဝင် ပါတီပေါင်းစုံပါတာပေါ့။ ပြီးတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေလည်း ပါတဲ့ ကိစ္စကနေပြီးတော့ NCA မူဘောင်ကိုဆက်လက် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အခုကတော့ အဲဒီအင်္ဂါ မပြည့် စုံတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ NCA ကို အကောင်အထည် ဖော်တဲ့နေရာမှာ PPST နဲ့ အတူပဲ ရပ်တည်ပြီးတော့ ကျနော်တို့ NCA အကောင်အထည်ဖော်မှုကို ရပ်တန့်ထားပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ အရေးကြီးတဲ့ ကိစ္စရပ်တွေတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု CNI သို့ ပြောသည်။

ထို့နောက် NCA ၏ အနိုင်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံအဖြေရှာခြင်းကိုတော့ PPST နှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း ABSDF မှ ပြောသည်။

ABSDF တပ်ဖွဲ့များကိုတွေ့ရစဉ်။(ABSDF)

ရဲဘော်ဆန်နီက “ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ နံပါတ် ၁ ကတော့ နိုင်ငံရေးပြသနာကိုနိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံအဖြေရှာ ရေး၊ နံပါတ် ၂ ကတော့ အင်အားစု အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရေး၊ နံပါတ် ၃ အခု လက်ရှိကာလမှာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းမှာ အခက်ခဲဆုံးဖြစ်နေတဲ့ အရပ်သားများကို အကာအကွယ်ပေးရေး ခေါင်းစဉ်အောက်ကနေတော့ ကျနော်တို့ စုဖွဲ့မှုတွေက ဆက်ပြီးတော့ ကြိုးပမ်းနေတာရှိပါတယ်လို့ ကျနော့်အနေနဲ့ အဲ့လိုတင်ပြပါရစေ။ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေလည်း ကျနော်တို့ ပုံစံမျိုးစုံနဲ့ ကြိုးစားနေသလိုပဲ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အင်အားစုတွေအားလုံးလည်း ကျနော်တို့ ထောက်ခံဝန်းရံ ပံ့ပိုးလျက်ရှိပါတယ် ဆိုတဲ့အကြောင်းလည်း ပြောပါ ရစေ”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာဒေသတွင် လှုပ်ရှားသည့် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ABSDF နှင့် ပူးပေါင်း၍ ဧရာဝတီမြစ်အတွင်း စုန်ဆင်းလာသည့် တပ်မတော် သင်္ဘော ၂ စီးကို ဇန်နဝါရီလ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။