CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၁၇
အိန္ဒိယသည် S-400 Triumf မြေပြင်မှဝေဟင်ပစ် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်နေပြီဖြစ်ပြီး လာမည့် ဧပြီလတွင် ၎င်းစနစ်၏ ပထမဆုံးယူနစ်ကို စတင်အသုံးပြုမည်ဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်မှာ ဇန်နဝါရီ ၁၇ ရက် (ယနေ့)၌ သတင်းဖော်ပြထားသည်။
အဆိုပါ လေကြောင်းကာကွယ်ရေးစနစ် စီမံချက်နှင့်ပတ်သက်၍ နရိန္ဒြာမိုဒီအစိုးရက တင်းကျပ်စွာ နှုတ်ဆိတ်နေခဲ့သော်လည်း တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယခုယူနစ် ၅ ခုစလုံးကို အရေးကြီးသည့် နေရာများတွင် ဖြန့် ကြက်ထားမည်ဟု ထဲထဲဝင်ဝင် သိရှိထားသူများက ဟိန္ဒူစတန်တိုင်းမ်သို့ အတည်ပြုခဲ့သည်။
၄၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာ အကွာအဝေးအထိ ရန်သူ့လေယာဉ် (သို့မဟုတ်) ဒုံးကျည်များကို ချေနှုန်းနိုင်သည့် S-400 စနစ်၏ ယူနစ် ၅ ခုစလုံးအား လာမည့် ၂၀၂၃ ခုနှစ်တွင် အပြည့်အဝ လည်ပတ်သုံးစွဲနိုင်မည်ဟု မျှော်လင့်ရသည်။
အဆိုပါ S-400 ကာကွယ်ရေးစနစ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ချုပ်ဆိုခဲ့သော ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်အရ ရုရှားထံမှ အိန္ဒိယက ဝယ်ယူခဲ့သည်။
S-400 ကိုတွေ့ရစဉ်။
အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ်တို့သည် ၅၉၇ ကီလိုမီတာ ရှည်လျားသည့် လာဒက်နယ်စပ်မျဉ်းတလျှောက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကတည်းက အပစ်အခတ်ရပ်စဲခဲ့ကြသော်လည်း ဂိုဂရာဟော့စပရင်းနယ်မြေတွင် ၎င်း၏တပ်များ ပိုနေမြဲကျားနေမြဲ အခြေအနေ ပြန်လည်ထားရှိကြရန် ဘေဂျင်းက တွန့်ဆုတ်နေသဖြင့် အိန္ဒိယက ဒါလက်ဘတ်အော်ဒီနှင့် ဒါဒင်းနျူလက်ဒေသ တို့၌ အတားအဆီးမဲ့ ကင်းလှည့်ခွင့်ကို တဖန်ရယူထားခဲ့သည်။
တရုတ်စစ်တပ်သည် အင်ဒို-ပစိဖိတ် ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နာဂရီဂါဂွမ်စာနှင့် ညောင်ချီနယ်မြေကို ဖြတ်သန်းလျက် လာဒက်နယ်စပ်မျဉ်းအနီး S-400 စနစ်ကို ဖြန့်ကြက်ချထားခဲ့ပြီး ဖြစ်သည်။
Source: Hindustan Times