၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံပါဝင်သည့် သျှမ်းပြည်အမျိုးသားညီလာခံ ကျင်းပနိုင်ရန် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ပြင်ဆင်နေကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟုတ်ကဲ့ ကျနော်တို့ ၂၀၂၂ ထဲမှာ ကျင်းပဖို့ ရှိတာပေါ့နော်။ ဒါပေမယ့် သူက အဆင့်လိုက်သွားရမှာပေါ့။ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ကြတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကြတော့ ဖက်ဒရယ်သွားမယ်၊ ပြည်ထောင်စုမှာ လည်း ပြည်ထောင်စု ဖက်ဒရယ်တည်ဆောက်မယ်။ ပထမရည်မှန်းချက်။ နောက်တစ်ခုကြတော့ အဲဒီဖက်ဒရယ်သွားမယ်ဆို ရှမ်းပြည်မှာလည်း အရင်ကတည်းကလည်း ဖက်ဒရယ်ပုံစံနဲ့ ရှိထားတယ်ဆိုတော့လည်း ကျေကျေလည်လည် ရှိထားဖို့ လို တယ်။ ဒါကြောင့် RCSS အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာပေါ့နော်။ မူကြမ်းအရ ကြိုပြင်ထားမယ်။ အဲတာ မူကြမ်းပြီးသွားလို့ ရှိရင် ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံတွေရယ်၊ နောက်အဖွဲ့အစည်း ပေါင်းစုံတွေကို ဆွေးနွေးသွားဖို့ရှိတယ်၊ အားလုံး လက်ခံနိုင်တဲ့အထိ ကျနော်တို့ ပြုပြင်သွားမယ်။ မူတစ်ခုရလာအောင် အားလုံးလက်ခံလာနိုင်တဲ့ ဖက်ဒရယ်မူ တစ်ခုရလာ အောင် ကျနော်တို့ ကြိုးစားနေတာပေါ့” ဟု ပြောသည်။

RCSS သည် တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်အား ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

RCSS ၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကျင်းပနေစဉ်။

ထို့အပြင် အကြံပေးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကောင်မတီဝင်များ၊ ဌာနအသီးသီး၏ ဌာနမှူးများကို ရွေးချယ် အတည်ပြုခဲ့ပြီး လာမည့် (၄)နှစ်တာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS အနေဖြင့် သျှမ်းပြည်ညီညွတ်ရေးမှတဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ကာ အားလုံးလက်ခံသည့် သျှမ်းပြည် ဖက်ဒရယ်မူနှင့်အညီ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိတွင် ပြင်ဆင်နေ ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

 ဗိုလ်မှူးစိုင်းခမ်းစံက “အခုတစ်ဆင့်ကြတော့ ပြင်ဆင်တဲ့အဆင့်ဆိုတော့ တခြားတိုင်းရင်းသားတွေတော့ များများစားစား မပါ သေးဘူးပေါ့နော်။ ပြင်ဆင်တဲ့အဆင့်ပဲ ရှိသေးတယ်လေ။ ချပြတဲ့အဆင့် မဟုတ်သေးဘူးပေါ့၊ တွေ့ဆုံဆွေးနွေးတဲ့ အချိန်မှာကြ တော့ အားလုံးပူးပေါင်း ပါဝင်လာမယ်လေ”ဟု CNI သို့ ပြောသည်။

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာလျှင် ပြည်တွင်း ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။