ကဘူးလ်၊ ဇန်နဝါရီ ၁၈

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်ခေါင်းဆောင်များက အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ နှင့် ကျား/မ ခွဲခြားမှုများကို လူ့အဖွဲ့အစည်း အသွင်သဏ္ဌာန်အတွင်း၌ စနစ်တကျ ကျယ်ပြန့်စွာ လုပ်ဆောင်နေကြောင်း ကုလ သမဂ္ဂ လက်အောက်ရှိ လူ့အခွင့်အရေးကျွမ်းကျင်အဖွဲ့ ၃၆ ဖွဲ့တို့က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

“နိုင်ငံတစ်ဝန်း လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ အမျိုးသမီးတွေကို ဖယ်ထုတ်ဖို့ စဉ်ဆက်မပြတ်နဲ့ စနစ်တကျ ကြိုးပမ်း လုပ်ဆောင်နေတာကို ကျနော်တို့ စိုးရိမ်မိပါတယ်” ဟု အဆိုပါကျွမ်းကျင်အဖွဲ့များက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဟာဇာရာ၊ တာဂျစ်၊ ဟိန္ဒူနဲ့ တခြားအသိုင်းအဝိုင်းတွေလိုမျိုး လူမျိုးရေး၊ ဘာသာရေး (ဒါမှမဟုတ်) ဘာသာစကားမတူတဲ့ လူနည်းစုတွေထဲက အမျိုးသမီးတွေအတွက် ဒီစိုးရိမ်မှုကို ပိုပြီး ဆိုးရွားလာနေပါတယ်” ဟု ၎င်းတို့က ပြောသည်။

ယမန်နှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ပြီးကတည်းက တာလီဘန်တို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် တင်းကျပ်သည့် အစီအမံများ ချမှတ်ခဲ့သည်။ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် တားမြစ် ခံရသည့် အမျိုးသမီး အများအပြား ရှိခဲ့သည်။

သီးသန့်ဘူရ်ခါ(ခေါင်းမြီးခြုံ) Hijab ဝတ်ဆင်ထားသူ အမျိုးသမီး ခရီးသည်များဆိုလျှင် တက္ကစီယာဉ်မောင်းများအနေဖြင့် ယာဉ်ပေါ် တင်မခေါ်ရန် တာလီဘန်တို့က ညွှန်ကြားခဲ့သည်။ အမျိုးသမီးများသည် ဆွေမျိုးသားချင်းမပါဘဲ နေအိမ်မှ ထွက်ခွာ ပါက ဂယက်တစ်ခုခု ရိုက်ခတ်မည်ကို စိုးရွံ့နေရသည်။

“ဒီမူဝါဒတွေဟာ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်စွမ်းကို ထိခိုက်စေပြီး သူတို့ကို ဆင်းရဲတွင်း ထဲ ပိုရောက်အောင် တွန်းပို့တာပဲ” ဟု UN လူ့အခွင့်အရေး ကျွမ်းကျင်သူများက ထောက်ပြသည်။

ဘူရ်ခါခြုံထားသော အမျိုးသမီးများကိုတွေ့ရစဉ်။(EPA)

“ပြည်တွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေကြောင့် အမျိုးသမီး တွေနဲ့ အိမ်ထောင်စုအကြီးအကဲ အင်မတန် အတိဒုက္ခရောက်နေရပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။

အထူးစိုးရိမ်စရာတစ်ခုမှာ အလယ်တန်းနှင့် အထက်တန်းပညာရေးအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေ ခံ အခွင့်အရေးကို တာလီဘန်တို့ ဆက်လက် ပယ်ချနေကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

မိန်းကလေးများအတွက် စာသင်ကျောင်း အများစုကို ပိတ်ထားဆဲဖြစ်ပြီး ၇ တန်းမှ ၁၂ တန်းအထိ တက်ရမည့် မိန်းကလေး အများစုအတွက် ၎င်းတို့ ကျား/မ ခွဲခြားဆက်ဆံရေးမူဝါဒကြောင်း ကျောင်းဝင်ခွင့်များ ငြင်းဆိုခံနေရကြောင်း UN ကျွမ်းကျင် သူများက ဆက်လက် ပြောကြားခဲ့သည်။

ကလေးသူငယ်များအပေါ် လူကုန်ကူးမှု၊ အဓမ္မလက်ထပ်မှု၊ အဓမ္မလုပ်အားပေး စေခိုင်းမှု အပါအဝင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ခေါင်းပုံဖြတ်ခံရမှုအန္တရာယ် တိုးပွားလာနေကြောင်း ၎င်းတို့က မှတ်ချက်ချထားသည်။

Source: Aljazeera