၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ပီထုကျေးရွာ အပါအဝင် ကျေးရွာအများစုတွင် တပ်မတော်မှ အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားမှုများရှိလာနေခြင်းကြောင့် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ရှိလာနိုင်၍ တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရသလို စားသောက် နေထိုင်ရေးများ အခက်အခဲ ဖြစ်ခဲ့ခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာပါက ဒေသခံများ ယခင်ကထက် ပိုမိုအထိနာနိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဦးထွန်းဝင်းက “၂၀၁၉-၂၀ အဲ့မှာ အရမ်းပြင်းထန်ခဲ့တယ်။ လူတွေ အသေအပျောက်တွေ ရှိခဲ့တယ်။ အရပ်ဖက်တွေကလည်းပဲ ရာနဲ့ချီပြီးတော့မှ သေဆုံးသွားတာတွေ ရှိတယ်။ အိမ်ခြေတွေကလည်း ပျက်စီးသွားတဲ့ တချို့ရွာတွေဆို ရွာလုံးကျွတ် ပျက်ဆီး သွားတဲ့ အနေထားလေးတွေ ရှိတယ်ဆိုတော့ အခုချိန်ထိ ကျနော်တို့ ကျောက်တော်မှာ IDP စခန်း အခု ၁၀ ကျော်၊ လူဦးရေ ၂၀၀၀၀ ကျော်ပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ percentage တွက်ရင် လူ ၁၀ ယောက်မှာ တစ်ယောက်က အိုးမဲ့အိမ်မဲ့ ဖြစ် နေတဲ့ အနေအထား ခုချိန်ထိ ရှိနေတုန်း။ အရင်ကတည်းကလည်း ကျနော်တို့ community က ဖွံ့ဖြိုးမှု အနိမ့်ဆုံး‌ဒေသပေါ့။ အဲ့မှာ စစ်တွေဝင်လာတယ်။ Covid-19 ကိုလည်း အလူးအလိမ့် ခံခဲ့ရတာပေါ့။ ဒီလိုအချိန်မှာ ထပ်ဖြစ်မယ်ဆိုရင်တော့ဖြင့် ပိုပြီး အထိနာကြမှာပေါ့။ ပြည်သူတွေကလည်း တော်တော်အထိနာမယ်။ တိုက်ပွဲကလည်း ဒီချိန်မှာဖြစ်ရင်တော့ဖြင့် ပြင်းထန် ကောင်း ပြင်းထန်နိုင်တာပေါ့”ဟု ပြောသည်။

ကျောက်တော်မြို့အဝင်ကိုတွေ့ရစဉ်။

လက်ရှိတွင် AA သည် ယခင်ကထက် နေရာအနှံ့တွင် အင်အား အလုံးအရင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း၊ ထို့ကြောင့် စစ်ရေးဖြင့် နှစ်ဖက် မဖြေရှင်းဘဲ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာခြင်းဖြင့် ပြေလည်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

ကျောက်တော်မြို့ရှိ ကျေးရွာများတွင် တပ်မတော်ဘက်မှ နေရာယူထားမှုများ ရှိသည့်အတွက် ဒေသခံများမှာ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း  ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက CNI သို့ ‌ပြောသည်။

ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက“ပီထု အပါအဝင် အနီးအနားက ရွာတော်တော်များများ စစ်တွေကို ပို့ထားတဲ့သူတွေ ကျောက်တော်ကို ပို့ထားတဲ့သူတွေ၊ မိသားစုဝင် တော်တော်များများ ရွာမှာ မရှိကြတော့ဘူး။ ကျောက်တော်က ရေလမ်း ပီချောင်း ချောင်းအတိုင်း သွားလို့ရတဲ့ တစ်လမ်းရယ်၊ နောက် ကုန်းကြောင်း တစ်လမ်းရယ်။ ပီချောင်း ချောင်းဝမှာလေ သကြားစက်နဲ့ မလှမ်းမကမ်းရှေ့မှာပေါ့။ တန့်ထားတယ်။ တပ်စွဲပြီးတော့ စက်လှေတွေ ဘုတ်တွေကို သွားလာလို့မရအောင် သူတို့တားထားတယ်။ ဘယ်သူမှ ခုချိန်ထိ သွားလာခွင့် မရှိသေးဘူး။ ကုန်းကြောင်းလမ်းက စစ်ကောင်စီတွေ ယာယီတပ်စွဲ ထားတဲ့ မွတ်ဆလင်တွေ ဖွင့်ထားတဲ့ ဆေးခန်းမှာ အဲ့မှာက ကုန်းကြောင်း လမ်းတစ်လမ်းထဲပေါ့။ ၂ လမ်းစလုံးကို သူတို့က ပိတ်ထားတယ်”ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

ထို့နောက် တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန် ခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။