ဂျေရုဆလင်၊ ဇန်နဝါရီ ၁၈

အရှေ့ဂျေရုဆလင်အနီး ရှိတ်ဂျာရက်ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အစ္စရေးရဲများက နေအိမ်များမှ အတင်းအကျပ် ရွှေ့ပြောင်းရန် အင်အားသုံး စေခိုင်းခြင်းခံရသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦးက အတင်းအကျပ် မောင်းထုတ်ခံနေမည့် အစား ဓာတ်ငွေ့ဘူးများ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက် ဆန္ဒပြခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရ သည်။

ဇန်နဝါရီ ၁၇ ရက် အစောပိုင်းက အဆိုပါရပ်ကွက်အတွင်း နာရီပေါင်းများစွာ ကြာမြင့်အောင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ ကြောင်း၊ ထိုနေရာတဝိုက်ကို အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့်ဖြင့် အစ္စရေးရဲတပ်ဖွဲ့ဝင် အများအပြား ဝိုင်းထားခဲ့သည်။

ရှေးဟောင်း ဂျေရုဆလင်မြို့ရိုး၏ မြောက်ဘက် တစ်ကီလိုမီတာ (တစ်မိုင်ခွဲခန့်)အကွာရှိ ဧရိယာတဝိုက်တွင် လမ်းများကို ပိတ်ဆို့ထားပြီး ယင်းလူနေရပ်ကွက်များအတွင်း ပါလက်စတိုင်း ဒေသခံများအတွက် ၎င်းတို့နေအိမ်များမှ အဓမ္မ ရွှေ့ပြောင်း ခံရခြင်းမျိုး မကြာခဏ တွေ့ကြုံနေရတတ်သည်။

“အိမ်နဲ့ အိမ်ထဲမှာ ရှိသမျှ ပစ္စည်းအကုန် ကျနော် မီးပုံရှို့ပစ်မယ်” ဟု မာမွတ်ဆယ်ဟီယန်ဆိုသူက ဓါတ်ငွေ့ဘူးများ ပတ်ပတ် လည်ထားရှိသည့် အဆောက်အအုံ၏ ခေါင်မိုးပေါ် မတ်တပ်ရပ်ရင်း အော်ဟစ်ခဲ့သည်။

“ကျနော်တို့မှာ အသက်မရှိ၊ သိက္ခာမရှိတော့လို့ ဒီနေရာကနေ ဘယ်မှ မသွားဘူးဗျာ။ ဒီနေရာက ကျနော့်အတွက် သင်္ချိုင်းပဲ” ဟု ၎င်းက ပြောသည်။

နေ့လယ်ပိုင်းတွင် ဘူဒိုဇာများနှင့် အထူးတပ်ဖွဲ့များ ကျောထောက်နောက်ခံပြုထားသည့် အစ္စရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ မိသားစုပိုင် စိုက်ခင်းကို ဖြိုချဖျက်ဆီးခဲ့သည်။

အရှေ့ဂျေရုဆလင် ပါလက်စတိုင်းများကိုတွေ့ရစဉ်။(AFP)

မာမွတ်ဆယ်ဟီယန်၏ မိသားစုနှင့် ၎င်းတို့ နေအိမ်တဝိုက် ဝိုင်းနေသည့် အစ္စရေးတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး နောက် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၂ ဦးကို အစ္စရေးတို့က ဖမ်းဆီးသွားခဲ့သည်။

၎င်းမိသားစုသည် ရှိတ်ဂျာရက်ရပ်ကွက်သို့ မပြောင်းလာမီကပင် ၁၉၄၈ ခုနှစ်၌ အနောက်ဂျေရုဆလင်ရှိ အိန်ကရမ်ကျေးရွာမှ အလားတူ အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်းကို ခံခဲ့ရဖူးသည်။

အစ္စရေးတို့ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်လိုက်စဉ် ၁၉၆၇ ခုနှစ်မတိုင်မီကပင် ယခုမြေကွက်ကို ၎င်းမိသားစုက ဝယ်ယူ နေ ထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆယ်ဟီယန်က တရားရုံးတွင် စောဒကတက်ခဲ့သော်လည်း ပိုင်ဆိုင်ခွင့်မရှိကြောင်း သိရသည်။

အများပြည်သူ အကျိုးစီးပွားအတွက် အကြောင်းပြချက်ဖြင့် အထူးလိုအပ်နေသော ကျောင်းတစ်ကျောင်း တည်ဆောက်ရန် အတွက် ဂျေရုဆလင် စည်ပင်သာယာအဖွဲ့က ၎င်းမြေကွက်ပိုင်ဆိုင်မှုကို တရားဝင်သိမ်းဆည်းသွားခဲ့သည်။

ယမန်နှစ်က ဂျေရုဆလင်မြို့ရှိ တရားရုံးတစ်ရုံးက စည်ပင်သာယာအဖွဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပြီး အတင်းအဓမ္မ နှင်ထုတ်ခြင်း ကို ခွင့်ပြုခဲ့သည်။

၎င်းမိသားစုက အယူခံဆက်ဝင်၍ စီရင်ချက်ကို စောင့်ဆိုင်းနေသော်လည်း တရားသူကြီးက နှင်ထုတ်ခြင်းအမိန့်ကို ရပ်တန့် ခြင်းမရှိကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြထားသည်။

 

Source: Aljazeera