၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ကယားပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူဦးရေ များပြားနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်း အကူအညီများ လိုအပ်နေကြောင်း အဆိုပါ တိုက်ပွဲရှောင်များကို ကူညီနေသည့်အဖွဲ့ အစည်းများထံမှ သိရသည်။

ကယားပြည်နယ် လွိုင်ကော်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့- ကရင်နီတပ်မတော်(KA)ပူးပေါင်းအဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အဆိုပါဒေသမှ တိုက်ပွဲရှောင်များသည် ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ အစရှိသည့် မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်တလောတွင် အရေးပေါ်အရ အလှူရှင်များ၊ ဒေသခံအရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့များက အကူအညီ ပေးနေသော်လည်း တိုက်ပွဲရှောင်ဦးရေ များပြားနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ လိုအပ်နေကြောင်း ဆီဆိုင်မြို့နယ် တိုက်ပွဲရှောင်ကူညီရေးကော်မတီမှ ခွန်ကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

“ကူညီပေးတဲ့အခြေအနေအခက်အခဲကတော့ လက်ရှိမှာ စားဝတ်နေရေးကတော့ ခက်ခဲတာပေါ့ဗျာ။ လူဦးရေ အမောင့်- အရမ်းများတဲ့အခါကျတော့ လက်တလော အရေးပေါ်လိုအပ်ချက်တော့ ကျနော်တို့ ‌ဒေသခံက ပြည်သူ လူထုတွေရယ်၊ လူမှုရေး အသင်းအဖွဲ့အစည်းတွေရယ်၊ ဒေသခံက ဒေသအဖွဲ့အစည်းတွေရယ် စုပေါင်းပြီးတော့ တစ်နိုင်တစ်ပိုင်လှူတာကတော့ အရေးပေါ်တော့ အဆင်ပြေတယ်။ ရေရှည်ကျတော့ ဒီလောက် အမောင့်များတဲ့ လူဦးရေကို တာဝန်ယူဖို့တော့ အတော်ခက်ခဲတယ်။ အဲဒီဟာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ကုလသမဂ္ဂ UNCHR အဖွဲ့တွေ လာရောက်ပြီးတော့ ဆောင်ရွက်ပေးမှပဲ ကြုံတွေ့နေတဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်မယ် လို့မြင်မိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့၌ တိုက်ပွဲရှောင် ၂ သောင်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး တိုက်ပွဲရှောင်စခန်း(၁၈)ခုခန့်ကို စာသင်တိုက်များ၊ ဘုရားများ၊ မြို့လယ်ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဘော်ဒါ ဆောင်များ စသည်တို့တွင် ဖွင့်လှစ်ကာ လက်ခံထားရှိကြောင်း ခွန်ကျော်ဆွေက ပြောသည်။

“လက်ရှိ ဘာတွေလိုအပ်မလဲဆိုတော့ စစ်ရှောင်က နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာမလဲ ကျနော်လည်း မခန့်မှန်းတတ်ဘူးပေါ့။ ဘယ်လိုကူညီရမလဲဆိုတော့ တကယ့် စစ်ရှောင်က တာဝန်ရှိသူနဲ့တဆင့် ကူညီပေးတာ လိုအပ်တာပေါ့။ အဓိက ဘာလိုအပ်လဲဆိုတော့ စားဝတ်နေရေးပေါ့ဗျာ။ စားဝတ်နေရေးဆိုတာ လက်ရှိအချို့က အရမ်းနေရာကျဉ်းကျဉ်းကြပ်ကြပ် ချပေးရတယ်။ အချို့အိမ်တွေဆိုတောင်မှ လူ ၂၀/၃၀ စစ်ရှောင်ရောက်တာ လည်းရှိတယ်။ အဲဒီလူတွေ နေရာချထားရေးအတွက် လိုတယ်။ အဲဒီလူတွေရဲ့ ကျန်းမာရေး၊ စားသောက်ရေးပေါ့၊ အဲဒါတွေ ကူညီပေးဖို့ လိုအပ်တာပေါ့” ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် တိုက်ပွဲရှောင်များအတွက် နိုင်ငံအနှံ့မှ လှူဒါန်းမှုများရှိသော်လည်း ရေရှည်အတွက်ဆိုလျှင် အခက်အခဲ ရှိကြောင်း ပင်လောင်းမြို့ ဘုရားကြီးဆုတောင်းပြည့်စေတီ တိုက်ပွဲရှောင်စခန်းမှ စိုင်းနော်ခမ်းက CNI သို့ ပြောသည်။

“အခုကတော့ မရှိပါဘူး။ ရေည်ကာလအတွက်တော့ ဘယ်လိုလာမလဲမသိတော့ ကျနော်တို့လည်း၊ အဓိကတော့ စားဖို့သောက်ဖို့ အဓိကကတော့ ဆန်တို့ဆီတို့ ဒါပါပဲ အဓိကကတော့” ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့- ကရင်နီတပ်မတော်(KA)ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြား ဇန်နဝါရီ ၇ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။