ဘေဂျင်း၊ ဇန်နဝါရီ ၁၈
အမေရိကန်၏ ဖုံးကွယ်ထားသော ပွတ်တိုက်မှုတစ်ခုဖြစ်သည့် စစ်အေးတိုက်ပွဲ အခင်းအကျင်းမျိုးကို ငြင်းပြီး အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြရန် အခြားအင်အားကြီး နိုင်ငံများကို တိုက်တွန်းကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြား လိုက်သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ထို့နောက် တရုတ်နိုင်ငံမှ အခြားနိုင်ငံများသို့ Covid-19 ကာကွယ်ဆေး နောက်ထပ် ၁ ဘီလီယံ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါနှင့် အခြားစိန်ခေါ်မှုများကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆို ကြောင်း အေပီမှ ဆက်လက် ဖော်ပြထားသည်။
ကာကွယ်ဆေးများ မျှဝေကြရန်၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် အဖွင့်မိန့်ခွန်း၌ ရှီကျင့်ဖျင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားစဉ်ကတည်းက တရုတ်နိုင်ငံမှ ပြည်ပထွက်ခွာခြင်း လုံးဝမရှိသေးသော ရှီကျင့်ဖျင်က ၎င်းနိုင်ငံအနေဖြင့် Covid-19 ကာကွယ်ဆေးကို နိုင်ငံပေါင်း ၁၂၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်။(AP)
ထိုင်ဝမ်အရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် တောင်တရုတ်ပင်လယ် စသည့် အကြောင်းအရာများ နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ တင်းမာနေချိန်တွင် ယခုကဲ့သို့ ရှီကျင့်ဖျင်၏ သဘောထားမှတ်ချက်များ ထွက်ပေါ် လာခြင်း ဖြစ်သည်။
“ကျနော်တို့ စစ်အေးတိုက်ပွဲ စိတ်ဓာတ်တွေကို စွန့်ပစ်ဖို့ လိုအပ်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အနိုင်နဲ့ပိုင်း နိုင်မယ့် ရလဒ်တွေကို ရှာဖွေဖို့လိုပါတယ်” ဟု ရှီက စကားပြန်မှတဆင့် ပြောကြားခဲ့သည်။
“ကာကွယ်ရေးနဲ့ တဖက်သတ်ဝါဒက ဘယ်သူ့ကိုမှ အကာအကွယ် မပေးနိုင်ပါဘူး။ ပိုဆိုးတာက သမိုင်း ရေစီးကောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အနိုင်ကျင်တဲ့ အလေ့အထတွေပဲ ဖြစ်ပါတယ်” ဟု ဘေဂျင်းအနေဖြင့် အမေရိကန်၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို တုံ့ပြန်လေ့ရှိသော အသုံးအနှုန်းများကို ရှီက ထပ်လောင်း ပြောကြားခဲ့သည်။
“အခြားသူတွေရဲ့စရိတ်နဲ့ ကိုယ်ပိုင်အမြတ် ချဲ့ထွင်တတ်တဲ့ သုညချဉ်းကပ်နည်းကတော့ အထောက်အကူပြုမှာ မဟုတ်ဘူးဗျ။ လူသားမျိုးနွယ်တွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ “သူနိုင်-ကိုယ်နိုင်” ပူးပေါင်းဆောင်ရွက်ရေး (win-win cooperation) ဟာ မှန်ကန်တဲ့လမ်းစဉ်ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က အကျယ်တဝင့် ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Source: AP