ဝါရှင်တန်၊ ဇန်နဝါရီ ၁၉
ယူကရိန်းနိုင်ငံကို ကျူးကျော်မည့်အရေးကြောင့် အမေရိကန်နှင့်ရုရှားတို့ကြား ပိုမိုတင်းမာလာချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
ဘလင်ကင်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့် တွေ့ဆုံရန် ဇန်နဝါရီ ၁၉ ရက် (ယနေ့)တွင် ယူကရိန်းမြို့ တော် ကိယက်ဗ်သို့ ရောက်ရှိမည် ဖြစ်သည်။
ထို့နောက် ၎င်းသည် ဘာလင်မြို့မှတစ်ဆင့် ဇန်နဝါရီ ၂၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့သို့ သွားရောက်၍ ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါခရီးစဉ်သည် ယူကရိန်းအတွက် အမေရိကန်၏ထောက်ခံမှုကို ပြသရန် ရည်ရွယ်သည့်အပြင် တင်းမာမှုများလျှော့ချရန် လိုအပ်ကြောင်း ရုရှားအပေါ် အသိပေးလိုသည့် သဘောလည်း ပါဝင်သည်။
“အခုဆိုရင် ရုရှားဟာ ယူကရိန်းကို ဘယ်အချိန်မဆို ဝင်တိုက်နိုင်တဲ့အဆင့် ရောက်နေပါပြီ။ အဲဒါကြောင့် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ဆက်လုပ်သွားမယ့်အရာက သံတမန်လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားဖို့ အတိအလင်း မီးမောင်းထိုးပြ လိုက် တာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက အလေးပေး ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်။(AP)
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနယ်စပ်တလျှောက် တပ်ဖွဲ့ဝင်အင်အား ၁ သိန်းကျော် ဖြန့်ကြက်ခြင်းဖြင့် အကျပ် အတည်း တစ်ခုကို ဖန်တီးခဲ့ပြီး အကယ်၍ ကျူးကျော်ဝင်ရောက်ခဲ့ပါလျှင် ပြင်းထန်သည့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များ ကို ခံနိုင်ရည်ရှိ/မရှိ ဆုံးဖြတ်ရန်မှာ ပူတင်နှင့်ရုရှားတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း ဂျန်ဆာကီက ဆက်လက် ပြောကြားခဲ့သည်။
ယင်းသို့ ကျူးကျော်ရန် စီစဉ်ခြင်းသည် ပူတင်အနေဖြင့် အမှန်တကယ်ပဋိပက္ခမရှိဘဲ လုံခြုံရေးအရ စေ့စပ်လိုက်လျောမှုများ ဆွဲဆောင်ရန် ရည်ရွယ်ချက် ရှိ/မရှိကိုမူ အမေရိကန်ဘက်မှ ကောက်ချက်ချခြင်း မရှိပေ။ ၎င်း၏တပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုမှုများကို ရုရှားက ငြင်းပယ်ထားပြီး မိမိပိုင်နက်အတွင်း နေရာတိုင်း၌ တပ်ဖြန့်ကြက်ထားပိုင်ခွင့်ရှိသည်ဟု အကြောင်းပြခဲ့သည်။
ယခု ဘလင်ကင်၏ ခရီးစဉ်အတွင်း ကျင်းပမည့် အစည်းအဝေးများမှာ ယူကရိန်းနှင့် အခြားလုံခြုံရေး ကိစ္စရပ်များအပေါ် သဘောထားကွဲလွဲမှုများ ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် မော်စကိုနှင့် အနောက်ဥရောပတို့အကြား သံတမန်ရေး ဆွေးနွေးပွဲ များ၏ နောက်ဆက်တွဲဖြစ်မည်ဟု သိရသည်။
ဘလင်ကင်၏ခရီးစဉ်သည် ရုရှား၏ စစ်ရေးတည်ဆောက်မှုနှင့် ယူကရိန်းအပေါ် ရန်လိုမှုများကြောင့် ဖြစ်ပေါ်လာသော တင်းမာမှုများကို လျှော့ချရန် သံတမန်ရေးရာ ကြိုးပမ်းချက်၏ တစိတ်တပိုင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
Source: AP