CNI International News

မီယာမီ၊ ဇန်နဝါရီ ၁၉

ဂွါတီမာလာအစိုးရသည် ၎င်း၏မဟာမိတ်ဖြစ်သူ ထိုင်ဝမ်ကမ်းလှမ်းချက်ကြောင့် ယခင်မရှိခဲ့ဖူးသော စည်းရုံးဆွဲဆောင်ရေး (လော်ဘီ)စာချုပ်တစ်ခုဖြင့် အမေရိကန်အစိုးရ အရာရှိများနှင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် လော်ဘီ သမားတစ်ဦးကို ဒေါ်လာ ၉ သိန်းဖြင့် ငှားရမ်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး မှတ်တမ်းများအရ သိရသည်ဟု အေပီ သတင်းက ဖော်ပြထားသည်။

အဆိုပါလော်ဘီသမားသည် ယခင်ကလည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဘက်မှ စည်းရုံး လုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။

ဘောလက်ပါတာနာစ်ဆိုသူသည် ဇန်နဝါရီ ၁၃ ရက်၌ အမေရိကန် တရားရေးဌာနတွင် နိုင်ငံခြားရေး အေးဂျင့်တစ်ဦးအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း ယခုသီတင်း ပတ်အကုန်ပိုင်း အများသိစေရန် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများ ကိုးကားလျက် အေပီ က သတင်းရေးသားထားသည်။

ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ချုပ်ဆိုထားသော အဆိုပါစာချုပ်တွင် အမေရိကန်ဆိုင်ရာ ဂွါတီမာလာသံအမတ်ကြီး အယ်လ်ဖွန် ဆိုကွင်နိုနက်ဇ်နှင့် လော်ဘီကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌ ဘာရိန်းဘောလက်စ်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဘာရိန်းဘောလက်စ် သည် သမ္မတဟောင်း ထရမ့်အတွက် စည်းရုံးရေး(လော်ဘီ)လုပ်ရန် ကာလရှည်ကြာ လက်တွဲခဲ့သူဖြစ်သည်။

AP.jpg

ဂွါတီမာလာသမ္မတ အယ်လီဂျန်ဒရိုဂီအမ်မတီနဲ့ အမေရိကန်ဒုသမ္မတကိုတွေ့ရစဉ်။(AP)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ လော်ဘီသမားအဖြစ် အိမ်ဖြူတော်အတွက်လည်း လုပ်ကိုင်ပေးခဲ့ဖူးသူ ဘောလက်စ် ကို ငှားရမ်းခြင်းသည် ဂွါတီမာလာသမ္မတ အယ်လီဂျန်ဒရိုဂီအမ်မတီအနေဖြင့် သမ္မတဂျိုးဘိုင်ဒန် အစိုးရနှင့် ပိုမိုနီးစပ်လာစေ ရန် အထောက်အကူ ပြု/မပြု ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အမေရိကတိုက်အလယ်ပိုင်း ဂွါတီမာလာနိုင်ငံတွင် အကျင့် ပျက် ခြစားမှုများ ဖြစ်ပေါ်နေခြင်းအပေါ် ဂျိုးဘိုင်ဒန်အစိုးရက စိုးရိမ်ပူပန်မိကြောင်း အကြိမ် ကြိမ် ထုတ်ဖော် ပြောကြားခဲ့ဖူး သည်။

ဂွါတီမာလာရှိ လာဘ်ပေးလာဘ်ယူမှုတစ်ခု ဖော်ထုတ်မှုအတွက် ဝါရှင်တန်တွင် ဂုဏ်ထူးဆောင်ဘွဲ့ရခဲ့သူ တရားသူကြီးတစ်ဦး ကို တရားစွဲဆိုခြင်းအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ရုပ်သိမ်းရန် ဂီအမ်မတီ အစိုးရ၏ ကြိုးပမ်းချက်အား ဇန်နဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေးဌာနမှ ရှုတ်ချအပြစ်တင်ခဲ့သည်။

“နိုင်ငံတကာ အသိအမှတ်ပြုပြီး အမှီအခိုကင်းတဲ့ တရားသူကြီးတစ်ဦးကို အရေးယူတာဟာ ဂွါတီမာလာရဲ့ ဒီမိုကရေစီနဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကို အားနည်းစေပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူ နက်ပရင့်စ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ဘောလက်၏ ဝါရှင်တန်ရုံးတွင် လုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်သူ ဂျက်စတင်ဆေဖီးကတော့ သဘောထားမှတ်ချက်ပေးရန် အေပီသတင်းဌာန၏ တောင်းခံချက်ကို ငြင်းဆိုခဲ့သည်။

TrumpABC.jpg

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်။(ABC)

“အစိုးရတစ်ရပ်ကနေ တခြားအစိုးရအပေါ် စည်းရုံးပေးဖို့ အခကြေးငွေ ပေးရတယ်ဆိုတာ အထူးအဆန်းကိစ္စပဲဗျ” ဟု နိုင်ငံ ရပ်ခြား စည်းရုံးဥပဒေများကို အထူးပြုလိုက်စားခဲ့သူ ရှေ့နေတစ်ဦးဖြစ်သည့် ရောဘတ်ကယ်နာက မှတ်ချက်ချခဲ့သည်။

“ဒီကိစ္စ တရားမဝင်ပါဘူး။ ဒါပေမယ့် အခကြေးငွေပေးမယ့် အစိုးရကိုလည်း နိုင်ငံခြားရေးစည်းမျဉ်းအရ လော်ဘီကုမ္ပဏီအနေ နဲ့ အကျုံးဝင်လား၊ မဝင်လား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ “အမေရိကန်မှာ ကျနော်တို့ ရပ်တည်ချက်ကို ပိုအားကောင်းလာစေဖို့ ပံ့ပို့ပေးတဲ့အတွက် ထိုင်ဝမ်ကို ကျေးဇူးတင်ပါတယ်” ဟု ဂွါတီမာလာအစိုးရက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ လစဉ် ဒေါ်လာ ၇၅,၀၀၀ ပေးရ သော ဘောလက်နှင့် တစ်နှစ်စာချုပ်အရ မဟာဗျူဟာမြောက် ဆက်သွယ်မှု၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင် ရေး အတွက် အာရုံစိုက်လုပ်ဆောင်မည်ဟု ဂွါတီမာလာအစိုးရက ဆက်လက်ပြောကြားခဲ့သည်။

Source: AP